မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူ ၇၄၁၃ ဦးကို ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ယာဉ်မောင်းလိုင်စင်ကို အရင်ကဆို လုပ်ရအရမ်းခက်ခဲတယ်၊ အချိန်လည်းကြာတယ်၊ အဲဒီထဲက ပွဲစားတွေ ကလည်း လုပ်စားနေကြတော့ ပိုဆိုးတာပေါ့၊ ခုလိုလာလုပ်ပေးတော့ ကျွန်တော်တို့ ကျေးဇူးတင်တယ်၊ ယာဉ်ထိန်းကို ကျောင်းသားပါဆိုပြီး ပြောစရာ မလိုတော့ဘူးပေါ့၊ လိုင်စင်ပြလိုက်ရုံပဲပေါ့”ဟု မော်လမြိုင်တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ သွားရောက်ပြုလုပ်ခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များနှင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက္ခမီ၊ လမိုင်း၊ ပေါင်၊ ကျိုက်ထိုနှင့် ချောင်းဆုံမြို့များသို့သွားရောက်ကာ လူဦးရေ ၁၀၇၁၀၃ ဦးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောခဲ့ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောဆိုသည်။

“ပြည်သူတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြဖို့၊ မော်တော်ယာဉ်ဖြစ်ဖြစ် မော်တော်ဆိုင်ကယ်ဖြစ်ဖြစ် မောင်းနှင်တဲ့အခါမှာ အရှိန်ပြင်း မမောင်းကြဖို့၊ အရည်အသွေးပြည့်မီတဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းကြဖို့၊ ကားမောင်းတဲ့ သူတွေဆိုရင် အသက်ကယ်ထိုင်ခုံခါးပတ် Seat belt ဝတ်ဆင်ပြီးမှ မောင်းနှင်ကြဖို့၊ အရက်သေစာ သောက်စားထားပြီး မမောင်းနှင်ဖို့တွေနဲ့ ယာဉ်မောင်းနှင်နေတဲ့အချိန်မှာ လက်ကိုင်ဖုန်း လုံးဝ အသုံးပြုပြောဆိုတာတွေ မပြုလုပ်ဖို့ အဓိကထားဟောပြောပေးခဲ့တာပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှုများ လျော့နည်းစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာသိရှိစေရန်အတွက် ပညာပေးဟောပြောမှုများကို အချိန်အခါမရွေး သွားရောက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ခေတ်မင်း

Leave a Reply