(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်တွင် အမည်မသိလူတစ်ဦး ရထားကြိတ်သေဆုံးနေသည်ကို မြင်တွေ့ရစဉ်)

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့်၂၀၁၇ တစ်နှစ်တာအတွင်း ရထားတိုက်မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ခြောက်ဦးသေဆုံးခဲ့ကြောင်း မော်လမြိုင် မီးရထားရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၁၂ မှုတွင် လူကို ရထားကြိတ်မှု ခြောက်မှု၊ ရထားနှင့် ကားတိုက်မှု ငါးမှု၊ ဆိုင်ကယ်နှင့် တိုက်မှု တစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းရုံးမှ ရဲအုပ်အောင်မြင့်ကျော်က ပြောကြားသည်။

“အရင်နှစ်နဲ့စာရင်တော့ ကားနဲ့ရထားကြိတ် မှုကလည်း များလာတယ်။ ကားဆိုရင် ထော်လာဂျီယာဉ်ကလည်း များတယ်ပေါ့။ ဒီပြည်နယ်မှာလည်း တရားမဝင် ဂိတ်ကလည်းများတယ်” ဟု ၎င်းက ဆိုသည်။

မီးရထားလမ်းပေါ် မတော်တဆမှု လျော့နည်းပပျောက်ရေးအတွက် ၂၀၁၆ ခုနှစ်က ဥပဒေပြင်ဆင်ရေးဆွဲပြီး ဖြစ်ပွားပါက ပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၈၅ အရ ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားရခြင်းမှာ မြို့နယ်ရှိ ကျေးရွာများတွင် ရထားလမ်းကူးလမ်းဆုံနေရာများ၌ ရပ်၊ကြည့်၊ သွား သတိပေး ဆိုင်းဘုတ်များ စိုက်ထူထားခဲ့သော်လည်း သတိမမူမိကြခြင်း၊ မကျွမ်းကျင်သော ယာဉ်မောင်းများက ရထားလမ်းကို ဖြတ်ကူးရာတွင် အရှိန်၊သတိ မထိန်းညှိနိုင်ခြင်း

အပြင် ရထားလမ်းပေါ် အိပ်ပျော်နေသော လူအချို့ကို ရထားက တက်ကြိတ်မိခြင်းဖြစ်စဉ်များပါရှိခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်များမှာ မော်လမြိုင်- ရေး မီးရထားလမ်းတွင် အဖြစ်များတတ်ပြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌လည်း ဖြစ်ပွားတတ်ကြောင်း ၊ ပေါင်မြို့နယ်တွင် လေးမှု၊ ကျိုက်ထိုမြို့နယ် သုံးမှု၊ ဘီးလင်းမြို့နယ် တစ်မှု၊ မော်လမြိုင်မြို့နယ် နှစ်မှု၊ ရေးမြို့နယ် တစ်မှု၊ မုဒုံမြို့နယ်တွင် တစ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရဲစခန်းမှတ်တမ်းအရ သိရသည်။

ယခု ၂၀၁၈ နှစ်သစ်ကူးကာလ သီတင်းပတ် ၂ ပတ်အတွင်း၌ပင် ကားနှင့် ရထားတိုက်မှု သုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲအုပ်အောင်မြင့်ကျော်က ပြောသည်။

Written by ခင်နန်းဌေး

Leave a Reply