Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၁၇ ရက်။

မွန်ပြည်နယ်၌ ယခုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါသံသယရှိသူ(၂၀)ဦးအနက် ဖြစ်ပွားသူ(၃)ဦးရှိ ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

“မနှစ်က (၁)ဦးသေတယ်။ ဒီနှစ်မှာ သေဆုံးသူမရှိသေးဘူး။ ဒါပေမဲ့ ဒီရောဂါက အရမ်းအရေးကြီးပါတယ်။ ကပ် ရောဂါအသွင်လည်း ဖြစ်နိုင်တယ်။ ဖြစ်ရင် သေဆုံးမှုကပိုများတယ်။ မသေရင်လည်း ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေ ခံစားရပါတယ်။ ဒါကြောင့် အသက်(၁၅)နှစ်အောက်ကလေးတွေတိုင်း ကာကွယ်ဆေးထိုးဖို့ လိုအပ် ပါတယ်။”ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ဉာဏ်ဆင့်က ပြောသည်။

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ နိုဝင်ဘာလမှ စတင်၍ ဒီဇင်ဘာလအထိ
ကျောင်းများတွင် ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံပေးနေခြင်းဖြစ် ကြောင်း သိရသည်။

ထို့အပြင် ရပ်ရွာများတွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ဖြင့်လည်း ထိုးနှံပေးသွား မည်ဖြစ်ရာ မွန်ပြည်နယ်၌ အသက်(၉)လမှ (၁၅)နှစ်အတွင်းရှိ လူဦးရေ(၅၆၀၀၀၀)ကျော်အား ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါကူးစက်ပုံနည်းလမ်းမှာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသည့် Culex Tritaeniorhynchus ခြင်ကိုက်ခံရခြင်းမှတဆင့် ရောဂါပိုးကူးစက်နိုင်ပြီး အဆိုပါရောဂါပိုးသည် ဝက်များ၊ ရေစပ်နေငှက်များ၏ ခန္ဓာကိုယ်အတွင်း လှည့်လည်ကူးစက်ပွားလေ့ရှိကာ ယင်းတိရိစ္ဆာန်များကို ကိုက်သည့် ခြင်မှ တစ်ဆင့် လူများအကိုက်ခံရပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါလက္ခဏာများအနေဖြင့် ရုတ်တရက်အပြင်းဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ် ခြင်း၊ ပျို့အန်ခြင်းနှင့် ရောဂါအခြေအနေဆိုးရွားလာပါက ဦးနှောက်ရောင်ရမ်းခြင်းဖြစ်ပွားကာ စိတ်ရှုပ်ထွေးတွေ ဝေခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်းများဖြစ်ပွားနိုင်သည့်အပြင် အချို့လူနာများမှာ သတိလစ်မေ့မြောခြင်း၊ အ ကြောသေခြင်းနှင့် အသက်ဆုံးရှုံးခြင်းများဖြစ်ပွားနိုင်ကြောင်း သိရသည်။

အဆိုပါရောဂါသည် အသက်(၁၅)နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပွားပြီး (၂၀)ရာခိုင်နှုန်းမှ (၃၀)ရာ ခိုင်နှုန်းအထိ သေဆုံးနိုင်ကာ ကျန်ရစ်သူများတွင်လည်း (၃၀)ရာခိုင်နှုန်းခန့်မှာ ကိုယ်လက်မသန်စွမ်းခြင်း၊ နား လေးခြင်း၊ မကြာခဏတက်ခြင်း၊ စကားမပြောနိုင်ခြင်းနှင့် အခြားစိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားရနိုင်ကာ ရော ဂါကူးစက်ခံရပါက ပျောက်ကင်းအောင်ကုသနိုင်သည့် ထိရောက်သောဆေးဝါးမရှိသေးကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသများတွင် ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်၌ရောဂါဖြစ်ပွားသူ ၂၀၁၂ ခုနှစ်တွင် (၁) ဦး၊ ၂၀၁၃ ခုနှစ်တွင် (၂)ဦး၊ ၂၀၁၄ ခုနှစ်တွင် မရှိ၊ ၂၀၁၅ ခုနှစ်တွင် (၅)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၈)ဦးရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ကာ ၂၀၁၇ တွင် သံသယရှိသူ(၂၀)ဦးအနက် ဖြစ်ပွားသူ(၃)ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

Written by – MMK

Leave a Reply