Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံအနေဖြင့် စိတ်ဝင်စားလျက်ရှိကြောင်း ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဟောင်လိုင်နှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“တရုတ်သံအမတ်က အဓိက ရင်းနှီးမြှုပ်နှံမှု အပိုင်းပေါ့။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ အထူးသဖြင့် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ အပိုင်းတွေ လာတင်ပြတာ ဖြစ်တယ်။ သူတင်ပြတော့ ကျွန်တော်တို့ကလည်း ရင်းနှီးမြှုပ်နှံမှုအတွက်ဆို ကြိုဆိုပါတယ်”ဟု ၎င်းကဆိုသည်။

တရုတ်သံအမတ်ကြီး ဟောင်လိုင်က မွန်ပြည်နယ်တွင် ရော်ဘာကုန်ချောလုပ်ငန်း၊ သစ်သီးဝလံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် တရုတ်ဘာသာသင်တန်းကျောင်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မွန်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံပါက မြန်မာ ကမ်းရိုးတန်းအလားအလာ ကောင်းလာမည်ဖြစ်သော်လည်း လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားဖို့ လိုကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဖော်ပြပါတွေ့ဆုံဆွေးနွေးခြင်းမှာ တရုတ်နိုင်ငံအနေဖြင့် NLD အစိုးရလက်ထက်၌ မွန်ပြည်နယ်တွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန်အတွက် ပြည်နယ်အစိုးရနှင့် ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်းလည်း ဖြစ်သည်။

မော်လမြိုင်မြို့၊မွန်ပြည်နယ် အစိုးအဖွဲ့ရုံးတွင် ကျင်းပသည့် ယင်းတွေ့ဆုံပွဲသို့ တရုတ်သံအမတ်ကြီး ဟောင်လိုင် အပါအဝင် တရုတ်သံရုံးကိုယ်စားလှယ် ၁၅ဦး တက်ရောက်ခဲ့ပြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံတွေ့ဆုံခဲ့သည်။

မွန်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်အထိ ၂၄ နှစ်တာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅,၇၅၁ ဒသမ ၉၀၈ သန်းကျော် ဝင်ရောက်ခဲ့ပြီး၊ ကုမ္ပဏီပေါင်း ၂၇ ခုက လာရောက် လုပ်ကိုင်နေကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ UK ၊ ပြင်သစ်၊ ထိုင်း၊ ဟောင်ကောင်၊ နယ်သာလန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုးရီးယား၊ ဂျပန်တို့ဖြစ်ပြီး၊ စင်ကာပူနိုင်ငံအနေဖြင့် လုပ်ငန်း ငါး ခုအထိ လာရောက်မြှုပ်နှံထားပြီး
ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် စွမ်းအင်ကဏ္ဍ ၁၉ ခု ၊ စက်မှုနှင့် ထုတ်လုပ်မှု ကဏ္ဍ ၅ ခု ၊ ဝန်ဆောင်မှု ကဏ္ဍ ၃ ခု တို့ပါဝင်နေပြီးကာ လုပ်ငန်း ၁၈ ခုမှာ မုတ္တမကမ်းလွန် ဒေသတွင်သာ အများဆုံး လုပ်ကိုင်နေကြောင်း သိရသည်။

သို့သော်လည်း NLD အစိုးရ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ်တွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်စုံတစ်ရာ ဝင်ရောက်ခဲ့ခြင်း မရှိပေ။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply