မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သော အာဇာနည်ခေါင်းဆောင်ကိုးဦး လုပ်ကြံသတ်ဖြတ်ခံရ၍ ကျဆုံးခဲ့သည်မှာ ယခုနှစ်တွင် ၆၉ နှစ်မြောက်ခဲ့ပြီဖြစ်သည်။

19 July mlm

ဇူလိုင်လ ၁၉ ရက်နေ့နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် ဥသြဆွဲခြင်းအပါအဝင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားများမှာ ယခင်အစိုးရလက်ထက်များတွင် အကြောင်းအမျိုးမျိုးကြောင့် အကန့်အသတ်ဖြင့် လုပ်ဆောင်ရခြင်း နှင့်အတူ ပျောက်ကွယ်ခဲ့ရသည်။

ရွေးကောက်ပွဲမှ ပြည်သူများရွေးချယ်ခြင်းကြောင့် တက်ရောက်လာခဲ့သည့် ယခုအစိုးရလက်ထက်တွင် ပထမဆုံးကျရောက်မည့် အာဇာနည်နေ့အခမ်းအနားကိုတော့ ယခင်ခေတ်အဆက်ဆက်က အထိမ်း အမှတ်များကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းလာခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ဇူလိုင်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ယခုနှစ်အာဇာနည်နေ့ ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲခြင်းနှင့် မော်တော်ယာဉ်များက ခေတ္တရပ်တန့်ကာ ဟွန်းတီးရေးတို့အတွက် အစိုးရဌာနအားလုံးသို့ ညွှန်ကြားထားသည်။
ယင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင်လည်း နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာ သို့ပြောကြားသည်။

“သမ္မတရုံးကလည်း ညွှန်ကြားထားတဲ့အတိုင်း အလံတိုင် တစ်ဝက်ထူဖို့၊ မွန်ပြည်နယ်မှာ ဆိုင်ကယ် တွေကားတွေ၊ ဟွန်းတီးပြီးတော့ ဂုဏ်ပြုဖို့၊ ညွှန်ကြားထားပြီးသားဖြစ်တဲ့အတွက်၊ ထွေထွေထူးထူးလုပ် စရာတော့ မလိုပါဘူး၊ပြည်သူတွေက ကိုယ့်အစီစဉ်နဲ့ကိုယ် လုပ်ဖို့လိုတယ်”ဟု ၎င်းကရှင်းပြသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဂါရဝပြုခြင်းများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအချို့ကလည်း သီးခြားစီလုပ်ဆောင်ကြမည်ဖြစ်ရာ ပြည်သူများသိရှိနိုင်ရန် ဟင်္သာမီဒီယာက ဖော်ပြပေးလိုက်ပါသည်။

မော်လမြိုင်မြို့

မွန်ပြည်နယ်အစိုးရသည် ဇူလိုင်လ ၁၉ ရက်နေ့ ၊ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်ပန်းခြံတွင် ယခုနှစ်အာဇာနည်နေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချအခမ်းအနားကို ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောကြားသည်။

ယင်းအခမ်းအနားတွင် အစိုးရအဖွဲ့က လွမ်းသူ့ပန်းခွေချခြင်းနှင့် အာဇာနည်ခေါင်းဆောင်များကို အလေးပြုခြင်း၊ လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ဆုတောင်းမည်ဖြစ်သည်။

ပြည်သူများကလည်း ပြည်နယ်အစိုးရ၏ အခမ်းအနားအစီအစဉ်အတိုင်းလုပ်ဆောင်ပြီးပါက သံလွင်ဥယျာဉ်တွင် မိမိအစီအစဉ်ဖြင့် လွမ်းသူ့ပန်းခွေချနိုင်မည်ဖြစ်ပြီး ပိတ်ပင်ထားခြင်းမျိုးမရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောကြားသည်။

“နှစ်တိုင်း နှစ်တိုင်းရပ်ကွက်တွေ ကျေးရွာတွေက အလေးပြုဖို့အတွက် ချီတက်လာကြရင် ငြိမ်းစုစီဥပဒေအရ စာတင်ပြီး ဘယ်သွားမယ်ဆိုတာကို တင်ပြကြရတယ်၊ ဒီနှစ်ကျတော့ ပြည်သူတွေက ရပ်ကွက်အလိုက် ကိုယ်ဟာကိုယ် ချီတက်လာပြီး အလေးပြုခွင့်ရမယ်”ဟုလည်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ရှင်းပြသည်။

မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းကွန်ရက်ကလည်း ကျင်းပရေးကော်မတီနှင့်ပတ်သက်၍ စနစ်တကျ အလေးပြုနိုင်ရန် စီစဉ်ပြုလုပ်ထားပြီး သံလွင်ဥယျာဉ်အဝင်အထွက်ကို စနစ်တကျဝင်ထွက်နိုင်ရေး အစီအစဉ် အပြင် အစားအသောက်နှင့်ရေများဝေငှနိုင်ရန် ညှိနှိုင်းနေကြောင်း အဆိုပါကွန်ရက်မှ ဦးခင်မောင်တင့်က ပြောကြားသည်။

မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့် မော်လမြိုင်မြို့နယ် NLD ပါတီများက သံဃာများကို ဆွမ်းကပ်ခြင်းအသီးသီးပြုလုပ်မည်ဖြစ်ပြီး ချီတက်အလေးပြုခြင်းများပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။

ထို့အတူ မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပြည်နယ်ရုံးတွင် နံနက် ၉ နာရီ၌ ဆွမ်းကျွေးပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပါတီထံမှ သိရသည်။

ကျိုက်ထို

ကျိုက်ထိုမြို့တော်ခန်းမတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အလေးပြုနိုင်မည်ဖြစ်ပြီး ကျိုက်ထို မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဆွမ်းကပ်ခြင်းပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပါတီရုံးထံမှ သိရသည်။

ထို့ပြင် ကလေးငယ်များအတွက် မြို့နယ်ရုံးတွင်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များအကြောင်းကို အဓိကထား ဟောပြောမည်ဖြစ်သည်။

” ကျွန်တော်ငယ်ငယ်တုန်း ကဆို အာဇာနည်နေ့မတိုင်ခင် သီချင်းတွေ၊ မိန့်ခွန်းတွေကို သိခဲ့တယ်။ အခုခေတ်ကလေးတွေက ကျွန်တော်တို့လောက်မသိတော့ဘူးယူဆလို့ စာပေဟောပြောရတာဖြစ်တယ်”ဟု ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးဇံ ကရှင်းပြပြောဆိုသည်။

မုဒုံ

မုဒုံမြို့နယ်တွင် အလေးပြုခြင်းနှင့် ပန်းခွေချခြင်းများကို ဌာနဆိုင်ရာအဖွဲ့၊ပါတီအဖွဲ့ ၊လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များအပြင် ပြည်သူလူထုတို့ကပါ ပြုလုပ်၍ ကဏ္ဍအသီးသီးပါနိုင်အောင်စီစဉ်ထားကြောင်း မုဒုံမြို့နယ် NLD ပါတီ၏ ဥက္ကဋ္ဌ ဦးဖေတင်က ပြောကြားသည်။

ထို့အတူ မြို့နယ် NLD ပါတီရုံးတွင်ဧည့်ခံကျွေးမွေးခြင်းများနှင့် ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကျေးပါတီများပါ ပါဝင်နိုင်ရေးအတွက် လှုံ့ဆော်မှုများပြုလုပ်နေကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့် အချို့ရပ်ကွက်များရှိပြည်သူများကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို အသီးသီးပြုလုပ်ကြမည်ဖြစ်သည်။

ရေး

ပြီးခဲ့သောနှစ်များကလည်း အာဇာနည်နေ့အထိမ်းအမှတ် ချီတက်အလေးပြုခြင်းများ ပုံမှန်ပြုလုပ်ခဲ့သည်။ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ကလည်း ယခုနှစ်တွင် ရေးမြို့၊ရန်မျိုးအောင် ရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်ကို ချီတက်အလေးပြုမည်ဖြစ်သည်။

ရေးမြို့နယ် NLD ပါတီကလည်း အာဇာနည်နေ့အခမ်းအနားကို ခမ်းနားစွာကျင်းပနိုင်ရေးကို ကြိုးစား လုပ်ဆောင်နေပြီး အခြားမြို့နယ်ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေသည် ဟုကြားသိထားကြောင်း ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

“ဌာနဆိုင်ရာတွေကတော့ အခမ်းအနားတွေမှာ ကျွန်တော်တို့ အဖွဲ့အစည်းတွေကိုတော့ ချီတတ်အလေးပြုဖို့တော့ ဖိတ်ထားတယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုလေသည်။

ကျိုက်မရော

ကျိုက်မရောမြို့နယ်တွင်မူ နံနက်ပိုင်း၌ အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို မြို့နယ် တာဝန်ရှိသူများ ၏ အစီအစဉ်အတိုင်းဆောင်ရွက်ကြမည်ဖြစ်သည်။

ကျိုက်မရော NLD ပါတီအဖွဲ့ကလည်း ဆွမ်းကပ်ခြင်းနှင့် အလေးပြုခြင်းများကို ပြုလုပ်ခြင်းအပြင် မြို့နယ် NLD ရုံးစိုက်ရန် ရရှိထားသည့် မြေနေရာတွင် ဧရိယာသတ်မှတ်ပြီး သစ်ပင်စိုက်ကြမည်ဖြစ်ကြောင်း ကျိုက်မရော မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

ထို့ပြင် ရပ်ကျေးအဆင့် ပါတီများနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများကလည်း အာဇာနည်နေ့အထိမ်းအမှတ် လှုပ်ရှားမှုများကို အသီးသီးလုပ်ဆောင်ကြမည်ဖြစ်သည်။

သထုံ

အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားအတွက် ယခုနှစ်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့နယ် NLD ပါတီတို့ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

အာဇာနည်ဗိမာန်ပုံစံမျိုး ဗွီနိုင်းထုတ်၍ သထုံမြို့နယ် ဘောလုံးကွင်းတွင် ချီတက်အလေးပြုကြမည်ဖြစ်ကြောင်း သထုံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။

“အာဇာနည်နေ့ကို နှစ်စဉ် ပါတီပိုင်းကတော့ လုပ်နေတယ်၊ ဒီနှစ်က CSO တွေပါ ပါလာတယ် “ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ချောင်းဆုံ

ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်တွင် ဆွမ်းကပ်ခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းအပြင် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲပါပြုလုပ်မည်ဖြစ်သည်။

အလေးပြုခြင်းအတွက်ကိုမူ ချောင်းဆုံမြို့နယ်ရှိ အာဇာနည်ကျောက်တိုင်ကို ချီတက်ကြမည်ဖြစ်ပြီး အခြားအဖွဲ့ များနှင့် ရပ်၊ကျေးအဆင့်မှ ပါတီဝင်များ ပါလာရန်လုပ်ဆောင်လျက်ရှိကြောင်း ချောင်းဆုံမြို့နယ် NLD ပါတီ၏ အတွင်းရေးမှူး ဦးစောလင်းအောင်က ပြောကြားသည်။

ထို့အတူ သံဖြူဇရပ်၊ဘီးလင်း နှင့် ပေါင်မြို့နယ်များတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ကွက်များမှ ရပ်မိ၊ရပ်ဖများ နှင့် မြို့နယ်၊ရပ်ကျေးအဆင့် နိုင်ငံရေးပါတီများကလည်း အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားများကို အသီးသီးကျင်းပမည်ဖြစ်သည်။

Leave a Reply