မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာဖြင့် ဖွဲ့စည်းထားသော နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းရင်းသား လူမျိုး အသီးသီး၏ ယုံကြည်မှု၊ ရိုးရာ ဓလေ့ထုံးတမ်းများစွာရှိသည်။ သို့သော် တချို့သည် ထင်ပေါ်ကျော်ကြားသော်လည်း တချို့မှာ တိမ်မြုပ်နေသေးသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုတောကျေးရွာအုပ်စုတွင်ရှိသော ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းရှိသော ပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်း လေလံပွဲများ ရှိသော်လည်း ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်နှင့်ကွာခြားသည်။ ဒေသခံများ မိသားစုအလိုက် လူထောင်ချီလာရောက်ကာ စိတ်ကြိုက်ဖမ်းခွင့်ရှိသော ငါးဖမ်းပွဲတော် တစ်ခုဖြစ်သည်။

ဒေါင်ဒင်အင်းသည် ငပုအင်းကျေးရွာအုပ်စု ကျုံကွယ်ကျေးရွာအုပ်စုနှင့် ရေပူကော့စပ်ကျေးရွာအုပ်စု ကျေးရွာအုပ်စု သုံးစုကြားတွင် တည်ရှိပါသည်။ ထို ကျေးရွာ သုံးရွာကို အလှည့်ကျ လေလံပေးကာ ငါးဖမ်းပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်သည် ထူးဆန်းဖွယ်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာယုံကြည်မှုများနှင့် ကျင်းပသော ငါးဖမ်းပွဲတော်အဖြစ် လူသိလာခြင်းဖြစ်သည်။

ဒေသခံ၏ ငါးဖမ်းပွဲတော်

ကျိုက်မရောမှ တစ်ဆင့် ချောင်းနှစ်ခွတံတားသို့ ဖြတ်ကျော်သွားရသည်။ထိုမှ တစ်ဆင့် မြေသားလမ်းရှိသော ရွာလမ်းမကြီးအတိုင်း ဆက်လက်သွားခဲ့ရသည်။ လမ်းဆိုးသည့်အပြင် ဖုန်လည်း များပြားလှ၏။ လမ်းတစ်လျှောက်တွင် မိုင်တိုင်များ၊ အမှတ်အသားများကို ဒေသခံများ ထားရှိထားသည်။ ငါးဖမ်းပွဲတော်သို့ သွားနေသည့် ကားများ၊ ဆိုင်ကယ်များ ရှိသကဲ့သို့ ပြန်လာသည့်သူများလည်း ရှိပေသည်။

မြေလမ်းအတိုင်း တည့်တည့်သွားပါက နောက်ဆုံးတွင် ကားများ ဆိုင်ကယ်များရပ်ထားသော နေရာကိုတွေ့ရသည်။ ထိုမှတစ်ဆင့် လမ်းလျှောက်ကာ ဒေါင်ဒင်အင်းငါးဖမ်းပွဲဟု ခေါ်သော ကျင်းပရာနေရာသို့ ရောက်ပါသည်။

စဝင်ဝင်ချင်းတွင် ငါးဖမ်းပိုက်များဖြင့် အလုပ်ရှုပ်နေသူများကို တွေ့ရသည်။ ထို့အပြင် ငါးအကြီးကြီးနှင့် ငါးသေးသေးလေးများကို တောင်းဖြင့်ထည့်ကာ သယ်လာသူများ၊ ဈေးဆိုင်တန်းများကို မြင်တွေ့ရပါသည်။ ဈေးဆိုင်တန်းမှတစ်ဆင့် သွားပါက ဒေါင်ဒင်အင်းတွင် ငါးဖမ်းနေသူများကို အပေါ်စီးမှ တွေ့ရသည်။ လူထောင်နှင့်ချီ ဖမ်းနေသောကြောင့် အင်းတွင် လူများ ပြည့်နေသည်။

ယကွင်းကြီး၊ ယကွင်းလေး၊ ကွန်အမျိုးမျိုး၊ ယက်သဲ့အမျိုးမျိုး၊ ရင်တွန်းစသည့် ငါးဖမ်းကိရိယာအမျိုးမျိုးဖြင့် ဖမ်းယူနေကြပြီး မိသားစုဝင်များသည် တစ်ယောက်တစ်လှည့် ဝိုင်းကာ ငါးဖမ်းနေကြသည်။ ရရှိသောငါးများကို ခြင်းဖြင့်သယ်လာကာ အင်းဘေးသောင်ပြင်တွင် ထိုင်စောင့်နေသော မိသားစုဝင်ထံလာပေးသည်။ တချို့ မိသားစုတွင် အမျိုးသမီး(သို့မဟုတ်)မိခင်ဖြစ်သူမှ ဟင်းနှင့် ထမင်းချက်ပြုတ်နေလေသည်။ ကလေးများသည် ရေထဲဆင်းကာ ကူညီနေသလို ဆော့ကစားနေကြသည်။

ယခုနှစ် ငါးဖမ်းပွဲတော် ဖေဖော်ဝါရီ ၁၁ရက်တွင် ကျင်းပခဲ့သည်။ အင်း ဖွင့်ပွဲကို နံနက် ၉နာရီတွင် ပြုလုပ်ခဲ့ပြီး ဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ငါးဖမ်းပွဲတော်ကို စတင်ခဲ့သည်။ နေ့လယ် ၁၂နာရီကျော်လာသည်နှင့် ငါးဖမ်းနေသူများလည်း နည်းပါးလာသည်။ တချို့မှာ အိမ်ပြန်ရန် ပြင်ဆင်ကြသည်။ တချို့သည် နောက်တစ်နေ့မှသာ ပြန်လာရန် ပြင်ဆင်ကြသည်။ တချို့မှာ ညနေ၌ ငါးထပ်ဖမ်းရန် ခေတ္တနားနေကြသည်။

ငါးဖမ်းပွဲတော်သို့ လာရောက်ကြည့်ရှုကြသူများသည် အိမ်ပြန်ရန် ပြင်ဆင်ကြလေ့ရှိသည်။ ကားများ၊ ဆိုင်ကယ်များ တန်းစီကာ ထွက်လာသော ကားတန်းကို မမြင်ရပေ။ နေ့ခင်းအချိန် ရောက်သည့်အပြင် မြေသားလမ်းဖြစ်သောကြောင့် ဖုန်များ ထကာ တစ်ဦးနှင့် တစ်ဦးပင် မမြင်နိုင်အောင်ရှိလှသည်။

ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်မှ စကားသံများ

“ဒီမှာ ငါးဖမ်းပွဲတော် လုပ်တာကတော့ တော်တော်ကြာနေပြီ၊ လူတွေက မသိကြတာ၊ မိသားစုအလိုက် ငါးဖမ်းကြတယ်၊ ငါးတွေလည်းမိတယ်၊ ဖမ်းနိုင်သလောက် ဖမ်းလို့ရတယ်၊ မနက်အစောကြီးကတည်းက လာကြတာ”ဟု ကျုံကွယ်ကျေးရွာမှ ဦးအောင်ရှိန်က ပြောသည်။

ငါးဖမ်းပွဲတော် မဖွင့်မီ နံနက်စောစောလာကြသူများရှိသကဲ့သို့ ညအိပ်စောင့်ကြသည့်သူများလည် ရှိကြောင်း ဆိုသည်။

အဆိုပါ ပွဲတော်သည် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာဓလေ့ဖြစ်ပြီး အားလုံးစုပေါင်းကာ အတူတကွ ငါးဖမ်းကြခြင်းဖြစ်သည်။

ငါးဖမ်းပွဲတော်မှ ရရှိသောငါးများကို ကျိုက်မရောဈေးတွင် ပြန်လည်ရောင်းချလေ့ရှိပြီး ငါးပတ်၊ ငါးမြွေထိုး၊ ငါးဖျင်းသလက်၊ ငါးဖောင်ရိုး၊ ငါးဖယ်၊ ငါးပူတင်း၊ ငါးသံချိတ်၊ ငါးရံ့၊ ငါးနုသန်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ နှင့် ငါးသိုင်းခေါင်းပွစသည့် ငါးအမျိုးအစားများကို ဖမ်းဆီးရမိပြီး ကဏန်းနှင့် ပုစွန်ဖမ်းမိသူမရှိဟု သိရသည်။

“အရင်တုန်းကတည်းက ငါးဖမ်းပွဲတော်ရှိတယ်၊ အဘွားတို့ခေတ်ကတည်းက၊ အဘွားတို့ဆို ငါးဖမ်းပွဲတော်လာကြည့်တယ်၊ ဒါပေမဲ့ သူတို့မစားကြဘူး၊ ဒီငါးတွေက ငရဲငါးတွေလို့ ယုံကြည်ကြတယ်”ဟု ငပုအင်းကျေးရွာမှ ဈေးလာရောင်းသူ ဒေါ်မေသစ်က ပြောသည်။

ယခုအင်းဖြစ်ပေါ်နေသောနေရာသည် ယခင်နှစ်ပေါင်းများစွာတွင် ရွာတစ်ရွာအဖြစ်ရှိခဲ့ပြီး အကုသိုလ်ပြုလုပ်ခဲ့သောကြောင့် ထိုရွာပျက်စီးခဲ့သည်ဟု ဆိုသည်။

သူတို့ ပြောတဲ့ ဒေါင်ဒင်အင်းရဲ့ ဒဏ္ဍာရီ

ရှေးအခါက ဒေါင်ဒင်အင်း တည်နေရာတွင် မိစ္ဆာဒိဌိအယူဝါဒရှိသော မြို့ကြီးတစ်မြို့ရှိခဲ့သည်။ ထိုမြို့၏ ဘုရင်မှာ မိစ္ဆာဘုရင်တစ်ပါးဖြစ်လေသည်။ ယင်းမြို့တွင် နေထိုင်သော လင်မယားနှစ်ဦးတွင် သားသမီးမထွန်းကားသောကြောင့် ထိုအမျိုးသမီးကို အမြုံမဟု လည်းကောင်း၊ စုန်းမဟု လည်းကောင်း ခေါ်ကာ ရွာပြင်တွင် ထွက်နေစေခဲ့သည်။

တစ်နေ့တွင် မြို့ထဲသို့ ရဟန်းတစ်ပါး ဆွမ်းခံကြွလာသည်။ ရဟန်းကြွလာသောနေ့တွင် ရွာသူ၊ ရွာသားများ ငါးဖမ်းဆီးမှု မရရှိသောကြောင့် ဘုရင်မှ ဒီနေ့ထူးခြားမှုရှိသလားဟု မေးခဲ့ရာ ရွာသားတစ်ဦးက အလှူခံရဟန်းတစ်ပါး ရွာထဲသို့ဝင်လာကာ ဆွမ်းခံသည်ကို မြင်ကြောင်း ပြောခဲ့သည်။ ထိုအချိန်တွင် ဘုရင်မှ နောက်တစ်ခါ ထိုရဟန်း ရွာထဲသို့ဝင်လာပါက သပိတ်ထဲတွင် တံတွေး၊ အန်ဖတ်များသာ လောင်းကြရန် မှာခဲ့လေသည်။

ထိုနေ့မှစ၍ ရွာသူရွာသားများသည် ရဟန်းဆွမ်းခံကြွလာလျှင် တံတွေး၊ အန်ဖတ်များသာ ထည့်ကြလေသည်။ ရွာပြင်တွင်နေသော အမြုံမဆိုသူသည် ရဟန်းဆွမ်းခံကြွလာသည်ကို မြင်သောအခါ ဆွမ်းလောင်းရန် သပိတ်တောင်းသောအခါ အညစ်အကြေးများဖြင့် ပြည့်နေလေသည်။ ထိုအမြုံမသည် သပိတ်ကို ဆေးကြောကာ ပက်ထုတ်လိုက်သောနေရာသည် ယခု ကျိုက်မရော ရေပူစမ်း ၃၇စမ်း ဟု နာမည်ကြီးနေသောနေရာဖြစ်လေသည်။

တစ်နေ့တွင် ရဟန်းမှ သူ၏ဆွမ်းဒါယိကာမ အမြုံမကို ထိုဒေသမှ ထွက်ခွာသွားရန် မိန့်ကြားခဲ့သည်။ ရဟန်းမိန့်ကြားပြီး ၇ရက်နေ့တွင် ထိုမြို့ကြီးတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခြင်း၊ ရေကြီးများဖြစ်ပေါ်ကာ ရွာသူရွာသားများ နစ်မြုပ်ခဲ့ကြသည်။ ဘုရင်သည် ဆင်ဖြင့် ထွက်ပြေးလေရာ ဆင်လဲကျပြီး သေဆုံးခဲ့သောဒေသကို ဆင်လဲတောင်ဟု ခေါ်ဆိုခဲ့သည်။ ထိုတောင်သည် ဆင်တစ်ကောင်လဲကျနေသည့် ပုံစံရှိနေသည်။

ထို့မှတစ်ဆင့် ဘုရင်သည် လှေဖြင့် ချောင်းအတိုင်း ဆက်လက်ထွက်ပြေးရာ ချောင်းအလယ်၌ လှေနစ်မြုပ်ခဲ့ပြီး သေဆုံးခဲ့သည်။ ထိုဘုရင် လှေနစ်မြုပ်သောနေရာကို နောင်ရုတ်အင်းဟု ခေါ်ကြလေသည်။

ဒေါင်ဒင်အင်းငါးဖမ်းပွဲတော် ထင်ရှားလာ

ဒေါင်ဒင်အင်းဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကန့်သတ်နယ်မြေမှ ဖယ်ထုတ်ပေးရန် ခွင့်ပြုချက်တင်မှသာ ရနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မော်လမြိုင်ရုံး) လက်ထောက်ညွှန်ကြားရေးမှူး ဦးကံမြင့်က ပြောသည်။

“ဒေါင်ဒင်အင်းက ကန့်သတ်နယ်မြေထဲမှာပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒါကို ထင်ရှားအောင် ဧည့်သည်တွေလာအောင် လုပ်မယ်ဆိုရင်တော့ ကန့်သတ်နယ်မြေထဲကနေ ဖယ်ထုတ်ပေးမှ ရမယ်၊ မဟုတ်ရင် လုပ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ပွဲတော်ကို လာကြတဲ့သူအများစုက ကရင်ဘက်ကများတယ်၊ မွန်ပြည်နယ်ဘက်က လာကြတာနည်းတယ်၊ အခြားဒေသက လူတွေပါ လာကြမယ်ဆိုရင် ပိုပျော်ဖို့ကောင်းလိမ့်မယ်၊ သူတို့ကိုလည်း တွေ့စေချင်ပါတယ်”ဟု ဒေသခံ ဦးအောင်ရှိန်က ပြောသည်။

ယခင်က ငါးဖမ်းပွဲတော်ကို ကျင်းပခဲ့ကြသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် ခရီးသွားဧည့်သည်များ အရောက်အပေါက်နည်းခဲ့သည်။ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသောကြောင့် ငါးဖမ်းပွဲတော်ကို မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ နှင့် ချောင်းဆုံမြို့နယ်တို့မှ လူအများအပြား လာရောက်ဆင်နွှဲလေ့ရှိကြသည့် ပွဲတော်တစ်ရပ် ဖြစ်နေလေပြီ။ ။

ထိုက်ထိုက်

Leave a Reply