မော်လမြိုင် ဒီဇင်ဘာ ၈

မွန်ပြည်နယ်အတွင်း မော်လမြိုင်နဲ့ သထုံခရိုင်နှစ်ခု ရှိရာမှာ ရွေးကောက်ပွဲအပြီး တစ်လကြာကာလအတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူ ဦးရေ ၁၈၀ ကျော် ရှိနေပြီလို့ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ အသီးသီးထံက သိရပါတယ်။

သထုံခရိုင်အတွင်း မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ယောက်ထဲက ဦးရေ ၇၀ ကျော် လာရောက်တင်သွင်းပြီးဖြစ်ကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းမှာ ပြောပါတယ်။

မော်လမြိုင်ခရိုင်မှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၉ ယောက်ထဲက ၁၁၀ လာရောက်တင်သွင်းထားပြီလို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အရာရှိ ဦးထင်ကျော်က ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်လ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ ၂၀ နဲ့ တင်သွင်းကြဖို့ တာဝန်ရှိပါတယ်။ ဒီစာရင်းကိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ဒါမှမဟုတ် သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကနေ တင်သွင်းရမှာပါ။ အဲဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း သတ်မှတ်ရက်အတွင်း အချိန်မီ တင်သွင်းကြဖို့ အသိပေးနှိုးဆော်နေပါတယ်။

“ဥပဒေ၊ နည်းဥပဒေအရ ကြေညာပြီး ရက် ၃၀ အတွင်း ဖြစ်ပါတယ်။ မွန်ပြည်နယ်က (နိုဝင်ဘာ) ၁၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ရက် ၃၀ က (ဒီဇင်ဘာ) ၁၀ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပါတယ်”လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ဆိုပါတယ်။ လာရောက် မတင်သွင်းသေးသူ ကိုယ်စားလှယ်တွေဆီကိုလည်း တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား ဆော်ဩထားတယ်လို့ ပြောပါတယ်။

မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က “ကုန်ကျစရိတ်ကတော့ ပုံစံ ၂၀ နဲ့ တင်ရတယ်။ ပုံစံ ၂၀ မှာ အသုံးစရိတ် ခေါင်းစဉ်တွေ၊ ငွေစာရင်းခေါင်းစဉ်တွေ အကုန်ပါတယ်” လို့ ပြောပါတယ်။ မော်လမြိုင်ခရိုင်မှာတော့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းရမယ့်သူ ၁၉ ဦးသာ ကျန်ရှိတော့တဲ့ အနေအထား ဖြစ်ပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေ ၇၄ အရ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၁ဝဝ ထက်ပို သုံးစွဲခွင့် မရှိပါဘူး။ စရိတ်စာရင်းကို မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့်သော တရားသူကြီးတစ်ဦးဦး ရှေ့မှောက်မှာ ပြုလုပ်သော ကျမ်းကျိန်လွှာကို ပူးတွဲတင်သွင်းရမှာဖြစ်ပါတယ်။သထုံခရိုင် ကော်မရှင်ရုံးကို စရိတ်စာရင်း လာရောက်တင်သွင်းသူ မွန်ညီညွတ်ရေးပါတီကိုယ်စားပြုပြီး ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ဝါဝါထူးကတော့ စာရင်းပြုစု တင်သွင်းဖို့ အခက်အခဲ ကြီးကြီးမားမား မရှိလှဘဲ တရားရုံးအပိုင်းမှာတော့ အချိန်အတိုင်းအတာတခု စောင့်ဆိုင်းရတာမျိုး ကြုံရတယ်လို့ ပြောပြပါတယ်။ ကျိုက်ထိုမြို့နယ်က မဲဆန္ဒနယ်တွေမှာ သူနဲ့အတူ ဝင်ပြိုင်ခဲ့တဲ့ အမတ်လောင်းတွေထဲမှာလည်း စရိတ်စာရင်းတင်ဖို့ ကျန်သူ တချို့ ရှိနေပြီး အချိန်မီ တင်ဖို့ စီမံလုပ်ဆောင်နေကြကြောင်း ဒေါ်ဝါဝါထူးက ဆိုပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်သူဟာ သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမှာ ဖြစ်ပါတယ်။ အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း ကြေညာခံရသူဟာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈(ဂ) အရ ကြေညာတဲ့နေ့ကစလို့ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း သိရပါတယ်။

မွန်ပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း ၁၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ (MUP) က ၆ ဦး၊ ပေါင်း ၂၃ဦး အနိုင်ရရှိ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

နေမင်းထွဏ်း

Leave a Reply