မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီသည် အစိုးရအကျိုးစီးပွားကို ဆက်နွှယ်၍ အလုပ်လုပ်နေရသည်ဟု ရှူ့မြင်သုံးသပ်မှုများ ရှိလာရခြင်းကြောင့် ယင်းကော်မတီကို ဖျက်သိမ်းနိုင်ရန် ဥပဒေကြမ်း ရေးဆွဲထားကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

mon-hluttsaw

“လူထုဆန္ဒနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကို မလုပ်နိုင်ပဲနဲ့ အစိုးရရဲ့ အကျိုးစီးပွားကို နွှယ်ပြီးလုပ်နေတဲ့ ရှူ့မြင်သုံးသပ်မှုက ပိုများခဲ့တယ်၊ အဲ့ဒီအချက်တွေကြောင့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီကို မထားသင့်ဘူး ဆိုတဲ့အမြင်နဲ့ ဥပဒေကြမ်းကို ရေးဆွဲခဲ့တယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင် တိုးချဲ့ကမ်းနားလမ်း စီမံကိန်းနှင့် သစ်ပုံဆိပ် အိမ်ယာစီမံကိန်း ကဲ့သို့သော ကိစ္စမျိုးသည် ပြည်သူ၏ ဆန္ဒနှင့် တထပ်တည်း မကျခဲ့ခြင်းကြောင့် အစိုးရအကျိုးစီးပွားကို ဆက်နွှယ်နေသည့် ပုံစံမျိုးဖြစ်ရကြောင်း ၎င်းက ဥပမာပေး ပြောဆိုသည်။

လက်ရှိ ဖွဲ့စည်းထားသည့် မွန်ပြည်နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မော်လမြိုင်ကဲ့သို့သော မြို့ကြီးများအတွက်သာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး အခြားမြို့များကို လွှမ်းခြုံနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းဥပဒေကြမ်းကို အတည်ပြုနိုင်ရန် ဒီဇင်ဘာလ ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အများက မလိုအပ်ဘဲ ဖွဲ့စည်းထားသည်ဟု သတ်မှတ်သည့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီကို ဖျက်သိမ်းလိုက်ခြင်းမှာ သင့်တော်သည့် ဆုံးဖြတ်ချက်ဟု ထင်မြင်မိကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးနေဝင်းက ပြောကြားသည်။

မွန်ပြည်နယ်စည် ပင်သာယာရေး ကော်မတီကို ဖျက်သိမ်း၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီများကိုသာ ထားရှိဆောင်ရွက်ရန် အများသဘောဆန္ဒအတိုင်း ယင်းဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲခဲ့ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

“ပြည်နယ်စည်ပင်သာယာရေး ကော်မတီကို ဖြုတ်လိုက်တာက ပြည်သူတွေရဲ့ပါဝင်မှုကို ကန့်သတ်တာ ဖြစ်သလို ဒီမိုကရေစီ စံနှုန်းအရလည်း လူထုရဲ့ပူးပေါင်းမှုကို ကန့်သတ်လိုက်သလို ဖြစ်သွားတယ်”ဟု မော်လမြိုင်မြို့ခံ ဦးမောင်မောင်ဇော်ထွန်းက သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မှုများတွင် စီးပွားရေးဆန်ဆန်သာ လုပ်ဆောင်ခဲ့သည့် အားနည်းချက်များ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုစနစ်များ မပါဝင်ခဲ့သဖြင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

၂ဝ၁၂ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သော မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေသည် အားနည်းချက်တစ်ချို့ ရှိခဲ့ခြင်းကြောင့် ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်များတွင်လည်း ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုတွင် ထပ်မံပြင်ဆင်ရန် ဥပဒေကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

Written by – ဖိုးဝ

Leave a Reply