Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၂၇

၂၀၁၇ခုနှစ် မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ နည်းဥပဒေကို ထပ်မံရေးဆွဲရာမူကြမ်း ပြီးစီးသွားပြီဖြစ်၍ လွှတ်တော်၌တင်သွင်း အဆုံးအဖြတ် ရယူရမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

“စည်ပင်နည်းဥပဒေမူကြမ်းတော့ ပြီးသွားပြီး။ ဒီဟာကို အစိုးရအဖွဲ့ကို ပို့ထားတယ်၊ အစိုးရအဖွဲ့ကနေ ဥပဒေချုပ်ဆီပို့မယ်။ ဥပဒေချုပ်က ပြန်လည်တည်းဖြတ်မယ်။ ပြီးရင် အစိုးရအဖွဲ့ကနေ လွှတ်တော်ပြန်တင်မယ်”ဟု ၎င်းကဆိုသည်။

မူကြမ်းကို ဇူလိုင် တတိယအပတ်တွင် စတင်ရေးဆွဲခဲ့ရာ သြဂုတ်လကုန်ပိုင်းတွင် ပြီးစီးခဲ့ပြီး ယင်းနည်းဥပဒေတွင် အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၃၂၇ ချက် ပါဝင်ကြောင်း၊ အချက်အလက် အသေးစိတ်ထည့်သွင်းရေးဆွဲထားပြီး၊ စည်ပင်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရမည့်စနစ်ဖြစ်သောကြောင့် အခြေခံအကျဆုံးမိသားစုအဆင့်မှ အစပြုရွေးချယ်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နည်းဥပဒေ ပြီးသွားရင်တော့ ဥပဒေပြုရေးကော်မတီကို ပြန်ပို့ပေးရမယ်၊ ဥပဒေပြုရေး ကော်မတီရဲ့ အကြံဉာဏ်ကို ရယူရမှာဖြစ်တယ်၊ အစိုးရအဖွဲ့က ဥပဒေတင် ကော်မတီကို ပို့ရတယ်၊ ဥပဒေပြုရေး ကော်မတီကလည်း ဘယ်ဥပဒေတင်တင် သူတို့ဆီ ပို့ရတယ်၊ ဒါပြီးမှ လွှတ်တော်တင် အဆုံးအဖြတ်ရယူသွားမယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေး ကော်မတီမှ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

နည်းဥပဒေရေးဆွဲရာတွင် ဦးစားပေးအနေဖြင့် ရွေးကောက်ပွဲစနစ်များဖြစ်သည့်အတွက် မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ကော်မတီဝင်များ၏ အရည်အချင်း၊ ရွေးချယ်မှုအပိုင်းများနှင့် အငြင်းခုံပြဿနာများ ဖြစ်ပေါ်လာပါက ဖြေရှင်းရမည့် ခုံရုံးများကိုပါ  ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥပဒေအရ မြို့နယ်စည်ပင်သာယာရေး ]ကော်မတီကို မြို့နယ်အိမ်ထောင်စုများက ရွေးချယ်သည့်လူပုဂ္ဂိုလ်ငါးဦးနှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သည့် ခန့်အပ်ခံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး တစ်ဦးနှင့် မြို့နယ် စည်ပင်သာယာရေး အကြီးအကဲ တစ်ဦး၊ စုစုပေါင်း ရှစ် ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ဥက္ကဋ္ဌ နေရာကို ရွေးကောက်ခံ လူပုဂ္ဂိုလ်ငါးဦးထဲမှ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ပြည်နယ် စည်ပင်ကော်မတီကို မြို့နယ်ကော်မတီဥက္ကဌများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် ထပ်မံ ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ကြောင်း မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှတ်တမ်းများတွင် ဖော်ပြထားသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply