Advertisements

မော်လမြိုင်၊အောက်တိုဘာ

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကအခြေခံရည်ညွှန်းစပါးစျေးကို ၅ သိန်းကျပ်အဖြစ်သတ်မှတ်ထားပြီးနောက် မွန်ပြည်နယ်တွင် ၄၆ ပေါင်ကိုက်စပါးတင်း ၁၀၀ ကို ၅ သိန်းအထက် ပေါက်ဈေး ရှိကြောင်း စပါးကုန်သည်များက ပြောသည်။

မွန်ပြည်နယ်တွင်လက်ရှိစပါးစျေးကွက်အတွင်း စပါးစျေးနှုန်းမျာမှာ ဆန်ချောတင်း ၁၀၀ လျှင် ၆ သိန်းခွဲမှ အမြင့်ဆုံး ကျပ် ၈ သိန်းအထိ ပေါက်စျေးရှိကြောင်း စပါးကုန်သည်များထံမှ သိရသည်။

ထို့ပြင် ဆန်ကြမ်းအုပ်စုတွင် စပါးတင်း ၁၀၀ ကို ကျပ်၅ သိန်းမှ ၆ သိန်းကျပ်အထိရှိကြောင်း အဆိုပါကုန်သည်များကဆိုသည်။

“စျေးသတ်မှတ်ထားတာကတော့ အနည်းဆုံး ၅ သိန်းလို့တော့ပြောတယ်။ သူတို့ သတ်မှတ်ထားတာက ၄၆ ပေါင်းတင်းဆိုရင် ဒီမှာက ၄၆ ပေါင်းတင်းဘယ်သူမှမကိုင်ဘူး”ဟုချောင်းဆုံမြို့နယ်ရှိ စပါးကုန်သည်တစ်ဦးက ဆိုသည်။

စျေးကွက်အတွင်းပေါက်စျေးသည် သတ်မှတ်ထားသည့်အခြေခံစျေးနှုန်းအထက်တွင်ရှိပါက စပါးအရောင်းဝယ်ပြုလုပ်သူများအနေဖြင့် ဝယ်ယူရမှာဖြစ်ပြီး အခြေခံသက်မှတ်စျေးနှုန်းအောက်တွင်ရှိပါကရောင်းဝယ်သူများအနေဖြင့် ကျပ် ၅သိန်းဖြင့် ဝယ်ယူရမည် ဖြစ်ကြောင်း အောက်တိုဘာလ၁၅ ရက်နေ့တွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်စပါးစျေးနှုန်းများမှာ ဆန်ချောအုပ်စုတွင် စပါးတင်း ၁၀၀ လျှင် အနိမ့်ဆုံးစျေး ၁၂ သိန်းကျပ် ရှိပြီး ဆန်ကြမ်းအုပ်စုတွင် စပါးတင်း ၁၀၀အနိမ့်ဆုံးစျေး ၇ သိန်း ကျပ်အထိ ရှိကြောင်းသိရသည်။

စိုင်းထွန်းစံ

Advertisements
<

Leave a Reply