Advertisements

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အစိုးအရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးအစား ဗိုလ်မှူးကြီး နေထွဋ်ဦးအားလည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သိန်းဇော်အစား ဗိုလ်မှူး နေမျိုးထွန်းအားလည်းကောင်း တပ်မတော်က ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပြီ ဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲကြောင်း သတင်းကို နိုဝင်ဘာ ၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးဖြစ်ကြောင်း ပါရှိသည်။

“အခုဟာက တိုက်ဆိုင်သွားတာပါ။ ဝန်ကြီးက လုပ်သက်ပြည့် ပင်စင်ပြည့်နေတာ ဇွန်လပိုင်းကတည်းပါ။ အခုလည်း အတိုင်ကြားခံရလို့မဟုတ်ပါဘူး။ သက်ပြည့်ပင်စင်ခံစားခွင့် အမိန့်ပြုလိုက်တာပါ။ အသစ်လာမယ့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ်ရောက်လာတာနဲ့ ချက်ချင်း ဒီတာဝန်ကို လွဲပြောင်းပေးသွားမှာပါ”ဟု ယုံကြည်ရသော သတင်းအရင်းအမြစ်တစ်ဦးက ဟင်္သာသို့ အခိုင်အမာ ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး နေထွဋ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အမိန့်စာအား ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။

ခေတ်မင်း

Leave a Reply