Advertisements

မွန်ပြည်နယ် တရားဥပဒေ စိုးမိုးရေးအတွက် ပထမအကြိမ် တွေ့ဆုံမှုအဖြစ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ မေ ၂၁ ရက်က ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ် တရားလွှတ်တော်ချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့၊ အပါအဝင်ပြည်နယ်အတွင်းရှိ ဌာနဆိုင် အကြီးအကဲတို့ တွေ့ဆုံပွဲ ဖြစ်၏။

တရားဥပဒေစိုးမိုးရေး ညှိနှိုင်းရေးအဖွဲ့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းရန် လမ်းညွှန်ပေးထားပြီး ပြည်ထောင်စု ရှေ့နေချုပ်က တာဝန်ယူဆောင်ရွက်သည့်အဖွဲ့လည်း ဖြစ်သည်။

ညှိနှိုင်းရေးအဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် အပါအဝင် အချက် ၁၅ ချက်သည် ၎င်းတို့၏ တာဝန်ဖြစ်သည်။ အဆိုပါအဖွဲ့သည် တရားဥပဒေ စိုးမိုးရေးရရှိရေးကို အဓိထား လုပ်ဆောင်ရမည်ဖြစ်ပြီး ၂၀၁၇ တွင် စတင်ဖွဲ့စည်းခဲ့ သည်။

တရားဥပဒေစိုးမိုးရေးသည် သူတို့အဖွဲ့ တစ်ခုတည်း ဆောင်ရွက်နိုင်သည့် ကိစ္စမဟုတ်ခြင်းကြောင့် အားလုံး ပူးပေါင်းပါဝင်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

မွန်ပြည်နယ် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေသော အချက်များစွာရှိနေသည်ဟု ယင်းတွေ့ဆုံမှုတွင် ပါဝင်သူတို့က ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင် ဦးထွန်းအောင်က မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးရေးအတွက် ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကို “ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အခက်အခဲကတော့ အစည်းအဝေးခေါ်တာတောင် မတက်တဲ့ အဖွဲ့တွေရှိတယ်၊ စာရေးအကြောင်းကြားလည်း အကြောင်းမပြန်တာတွေ ရှိတယ်”ဟု ထည့်သွင်းပြောဆိုသည်။

မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်အေးအေးမို့ကလည်း ယင်းအယူအဆနှင့် ဆင်တူသော မှတ်ချက်တစ်ခု ယခုလို ပြုသည်။ “အဲ့ဒီအဖွဲ့မှာပါတဲ့ ပြည်နယ်အဖွဲ့ခွဲက လူတွေက တကယ်ပဲ အစည်းအဝေးတွေ မှန်မှန်တက်ရောက်နိုင်လားဆိုတာ ပြန်သုံး သပ်ရပါမယ်”ဟုဖြစ်သည်။

အစည်းအဝေး မတက်မည့် ကိစ္စကိုသာ ပေါင်းစပ်ညှိနှိုင်းရန် ခက်ခဲနေပါက တခြားအဖွဲ့အစည်းများနှင့် မည်သို့ ပေါင်းစပ် ညှိနှိုင်းကြမည်ကို စဉ်းစားရန် လိုအပ်နေသည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ညှိနှိုင်းရေးအဖွဲ့တွင် မွန်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် တရားလွှတ်တော် ဦးစီးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် ဥပဒေအရာရှိ အပါအဝင် အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။

ပူးပေါင်း ဆောင်ရွက်မှု မရှိသည့် ဌာနဆိုင်ရာများကို နောက်ပိုင်းတွင် နိုင်ငံတော်အဆင့်သို့ အစီရင်ခံရေးသားပြီ တင်ပြသွားမည်ဟု ဦးထွန်းအောင်က ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယခုလို ကတိပေးသွားသည်။ “ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ငန်းတာဝန်ဟာ အင်မတန်ကို ကြီးမားတဲ့အတွက် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ရော၊ ဌာနဆိုင်ရာအဖွဲ့အနေနဲ့ရော ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်”ဟူ၍ဆိုလေသည်။

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် တရားစီရင်ရေး လုပ်ငန်းများလည်း အောင်မြင်လာမည်ဖြစ်၍ မလွဲမသွေ ပူးပေါင်းသွားမည်ဖြစ်ဟုဟု မွန်ပြည်နယ် တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ကတိပေးသွားပြန်သည်။

ဥပဒေ သိရှိမှု အားနည်းခြင်း

တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူများ ဥပဒေသိရှိရေးနှင့် ဥပဒေအသုံးချသည့် ဌာနဆိုင်ရာများ ဥပဒေအတိုင်း လုပ်ဆောင်ရမည့် အချက်သည် အရေးကြီးဆုံး အချက်တစ် ချက်လည်း ဖြစ်သည်။

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲသည် ကြာထိအောက်ခြေ ပြည်သူများကို ဥပဒေအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပေ။ အကြောင်းရင်းမှာ ဘဏ္ဍာငွေ အခက်အခဲကြောင့်ဖြစ်သည်ဟု ထိုအဖွဲ့ခွဲက ဆိုလေသည်။

ထို့အပြင် ပြည်သူများထံ ဥပဒေပညာပေးရေးနှင့် ရုံးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက်မူ ကျပ်သိန်း ၄၀ သာ တောင်းခံထားသည်။

မည်သို့ဆိုစေကာမူ လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေအများစုကို ပြည်သူလူထု သိရန်လိုသည်။
ယင်းကို ဥပဒေချုပ် ဒေါ်အေးအေးမို့က ယခုလို အကြံပြုသည်။

“တရားဥပဒေစိုးမိုးဖို့ဆိုရင် မျှတတဲ့ တရားဥပဒေတွေရှိဖို့လိုတယ် အဲ့ဒီအတွက် ဥပဒေပြုတဲ့ လွှတ်တော်က တာဝန်ရှိတယ်၊ အဲ့ဒီဥပဒေတွေကိုရော ပြည်သူတွေ အလွယ်တကူသိရှိနိုင်အောင်လည်း ဥပဒေပြုထားဖို့ လို
ပါတယ်”ဟု ဆိုသည်။

တစ်ဆက်တည်း ဥပဒေသည် ခက်ခဲနက်နဲပြီး သာမန်ပြည်သူ မသိနိုင်ပါက ဥပဒေ စိုးမိုးရေးအတွက် အဟန့်အတား ဖြစ်နေဦးမည်ဟု သူကပြောလေသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း

တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံး တစ်ခုတည်း လုပ်ဆောင်၍ မရဘဲ ဥပဒေကို ကျင့်သုံးနေသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ရမည်ဖြစ်ပေသည်။

တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက “ဥပဒေအရ စီမံဆောင်ရွက်တဲ့အခါမှာ ဘက်လိုက်မှုကင်းရမယ်၊ ဥပဒေအရ အားလုံးတန်းတူ အခွင့်အရေးရှိရမယ် ဥပဒေကိုအားလုံး လေးစားလိုက်နာရမှာဖြစ်တယ်၊

တာဝန်ခံမှု တာဝန်ယူမှုရှိရမည့်အပြင် တစ်ဖက်ကလည်း လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

ထို့အတူ အများပြည်သူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တရားရုံး၊ ဥပဒေရုံးနှင့် ရဲတပ်ဖွဲ့များသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းမှာ အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေခြင်းကြောင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးကြရန် တိုက်တွန်းခဲ့သည်။

တစ်ဆက်တည်းမှာပင် ပြည်သူတိုင်ကြားမှ ဆောင်ရွက်ခြင်းထက် မိမိတို့ လုပ်ငန်းများကို တာဝန်သိသိဆောင်ရွက်ကြရန် လည်းမှာကြားခဲ့သည် ထိုအခြေအနေနှင့် ပတ်သက်ပြီးမွန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ် မြင့်တင်ရေးဗဟို MWCUC မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ရဲတပ်ဖွဲ့များသည် ရဲအရေးပိုင်သည့် အမှုတွဲများ အမှုဖွင့် တိုင်ကြားသော်လည်း
နယ်ထိန်းများက အမှုမဖွင့်ပေးသောဖြစ်စဉ်များ ရှိနေသည်ဟု ထောက်ပြပြောဆိုသည်။

အဂတိလိုက်စားမှု ရှိနေခြင်း

တရားဥပဒေ စိုးမိုးရေးအတွက်အဓိက အခက်အခဲသည် အဂတိလိုက်စားမှုရှိနေခြင်းကြောင့် ဖြစ်သည်ဟုတွေ့ဆုံပွဲ တက်ရောက်သူများက တညီတညွှတ်တည်း ပြောဆိုသည်။

အဂတိ ကင်းရှင်းရေးအတွက်မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ယခုလို တိုက်တွန်းသွားသည်။“တရားဥပဒေစိုးမိုးရေးမှာ အဟန့်အတားဖြစ်နေတဲ့ အဂတိလိုက်စားမှု ပပျောက်အောင်လည်း အားလုံးဆောင်ရွက်ဖို့ လိုအပ်တယ်”ဟု ဆိုသည်။

နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ပြည်သူများ လုံခြုံစိတ်ချစွာ မနေနိုင်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းများနှင့် ရင်ဆိုင်နေရသေးသည်ဟု ဥက္ကဋ္ဌက ပြောသည်။

ဥပဒေချုပ် ဒေါ်အေးအေးမို့က “တရားမျှတမှုရှိဖို့ ဆောင်ရွက်ဖို့အတွက် တရားရုံးတွေမှာ အခက်အခဲတွေရှိတယ် ဖြေရှင်းလို့မရနိုင်ဘဲ ရှုပ်ထွေးတာတွေလည်းရှိတယ် ဒါက တရားရုံးက လုပ်လို့မဟုတ်ဘဲ ဆက်စပ်အဖွဲ့အစည်းတွေကြောင့် ဖြစ်နေတာရှိပါတယ်”ဟု ဝေဖန်သွားသည်။

ထို့အတွက် တရားရုံးသို့ ရောက်လာသည့် မြေစာရင်း မြေပုံကိစ္စ တစ်ခုကို ဥပမာ တစ်ခုအဖြစ် သူကထုတ်နုတ်ရှင်းပြသည်။ ဦးပိုင်နံပါတ် တစ်ခုတည်းကို မြေဂရန် နှစ်ခု ထုတ်ပေးထားသောကြောင့် တရားရုံးအနေဖြင့် ဖြေရှင်းရန် အခက်အခဲ ရှိခဲ့သည်ဟူ၏။

ယခုလို ဖြေရှင်းရန် ခက်ခဲမှုသည်နစ်နာသူ ကာယကံရှင်နှင့် အစိုးရကိုပါ ဂုဏ်သိက္ခာ ကျဆင်းနေနိုင်ကြောင်းနှင့် တရားစီရင်သည့် တရားသူကြီးများလည်း ဥပဒေနှင့်အညီ အဂတိတရား ကင်းရှင်းအောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါ်အေးအေးမို့ကထောက်ပြသွားသည်။

သမ္မတသစ် ဦးဝင်းမြင့်၏ တရားဥပဒေ စိုးမိုးရေး ကြွေးကြွော်သံသည်မည်မျှ အတိုင်းအတာအထိ ရောက်လာမည်နည်း။ အဂတိ ကင်းရှင်းရေးသည်လည်း မည်သည့် အတိုင်းအတာထိ ကင်းရှင်းသွားပါမည်နည်း။ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် တရားဥပဒေ စိုးမိုးရေး အခြေအနေကိုဥပဒေချုပ် ဒေါ်အေးအေးမို့ ကတော့ ယခုလို သုံးသပ်သည်။

“ဥပဒေဟာ ကျားမ မရွေး၊ဆင်းရဲ ချမ်းသာမရွေး ရပိုင်ခွင့် လုပ်ပိုင်ခွင့် မရွေးဘူးဆိုတာ အမြဲတမ်းပြောခဲ့ကြတာ ကျွန်မတို့ တစ်သက်လောက်ရှိပြီး တကယ်ပဲ အဲဒီအတိုင်းဆောင်ရွက်ကြမယ်ဆိုရင်တော့ ဥပဒေဟာ စိုးမိုးပြီးတော့ ဘက်လိုက်မှု
ကင်းတဲ့ တရားမျှတမှုဖြစ်မှာ ဖြစ်တယ်”ဟူ၍ပင်။

သက်ပိုင်

Advertisements
<

Leave a Reply