Advertisements

၂၀၁၉ ဇွန် ၁၀

လက်ရှိအစိုးရ သုံးနှစ်တာကာလအတွင်း မွန်ပြည်နယ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀ ကျော် ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားသည်။

“၃ နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၁၀ ခုရှိပါတယ် ၊ တန်ဖိုးအားဖြင့်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၆၁၄ ဒသမ ၆၂၈ သန်း ရှိပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ပထမ နှစ်တွင် မွန်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မရှိခဲ့ဘဲ ဒုတိယ ဖြစ်သည့် ၂၀၁၇-၂၀၁၈ နှစ်တွင် အမေရိကန်ဒေါ်လာ ၄၇၅ သန်း ရရှိခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းသွားခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ လာရောက် ရင်းနှီးမြှုပ်နှံကြပြီး အများဆုံးမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ဖြစ်သည်၊ စက်မှု/ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံကြသည်ဟု မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံထားကြသည်များအနက် စွမ်းအင်ကဏ္ဍမှာ အများဆုံး ဖြစ်သည်ဟု ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် မြန်မာနိုင်ငံသားနှင့်တွဲလျက်လည်းရှိသလို မတွဲဘဲရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုလည်း ရှိကြောင်း၊ တွဲစပ် ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံခြားသားမှ ပမာဏ ၁ ရာခိုင်နှုန်း ပါလာသည်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်းဟူ၍ သတ်မှတ်သည်ဟု ယင်း ကော်မရှင်ထံမှ သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည်လည်း ၃ နှစ်တာကာလအတွင်း ၉ ခုရှိပြီး ကျပ် သန်းပေါင်း ၁၂၀၀၀၀ ကျော်ရှိကြောင်း၊ ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းများမှာ ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့ ပါဝင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက ပြောသည်။

မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်သည် မွန်ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင်ရာတွင်လည်းကောင်း၊ ကုမ္ပဏီများလျှောက်ထားရာတွင်လည်းကောင်း မြန်ဆန် လွယ်ကူစေရန်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့သည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Advertisements
<

Leave a Reply