Advertisements

သထုံ၊ အောက်တိုဘာ ၁၀ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ဝင်းခလုံးပိုင်း၌ အောက်တိုဘာ ၉ ရက်က (၅)နှစ်အရွယ် သူငယ်တန်း မိန်းကလေးငယ်အား မုန့်ဝယ်ကျွေးမည်ဟုခေါ်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့မရဲ စခန်းမှ သိရှိရသည်။

“ကလေးက ည(၇)နာရီလောက်မှာ အိမ်ကိုငိုပြီးပြန်လာတော့ အမေဖြစ်သူက မသင်္ကာလို့မေးတော့ ကလေးကို သူတို့နေတဲ့ အိမ်ခေါင်းရင်းကလူက မုန့်ဝယ်ကျွေးမယ်ဆိုပြီးခေါ်သွားပြီးတော့ ကလေးကို ခေါက်ဆွဲခြောက် တစ်ထုပ်ဝယ်ကျွေးပြီး သူတို့အနီးနားမှာရှိတဲ့ ဇရပ်မှာ အဓမ္မပြုကျင့်တယ်ဆိုပြီးပြောလို့ အမေဖြစ်သူက အရေးယူပေးဖို့ အမှုလာဖွင့်တာပါ။”ဟု ပေါင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ပေါင်းရပ်ကွက်၊ ဝင်းခလုံးပိုင်းနေ ဒေါ်မြသဇင်လှိုင်သည် နေအိမ်ရှေ့၌ ရေချိုးနေစဉ် သမီးဖြစ်သူ(၅)နှစ် အရွယ်ကလေးငယ်က ဓာတ်မီးတစ်လက်ကိုင်ကာ နေအိမ်မှထွက်သွားသည်ကိုတွေ့ရသဖြင့် အသိအိမ် သွားသည်အထင်ဖြင့် မပြောနေခဲ့ရာ ည(၇)နာရီချိန်ခန့်တွင် သမီးဖြစ်သူမှ နေအိမ်သို့ငိုပြီးပြန်လာသဖြင့် မေးမြန်းရာ ခေါင်းရင်းနေအိမ်မှ အောင်မျိုးထွန်း(၂၅)က မုန့်ဝယ်ကျွေးမည်ဟု ခေါ်သွားကာ မုန့် ဝယ်ကျွေးပြီး နောက် လမ်းကြားထဲရှိ ဇရပ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြန်လည်ပြောဆိုသဖြင့် မိခင်ဖြစ်သူမှ အရေးယူပေးရန် ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဓမ္မမှုကျူးလွန်သည်ဟု ယူဆရသူ အောင်မျိုးထွန်းအား ပေါင်မြို့မရဲစခန်းမှ (ပ) ၃၁၂/ ၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply