Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မွန်ပြည်နယ် ပဲဈေးကွက်မှာ ယခင်နှစ်များထက် ၇၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ် ပဲနှင့် နှမ်းမျိုးစုံကုန်သည်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ဟင်္သာမီဒီယာကို ပြောသည်။

ယခုနှစ်တွင် ပြည်ပဝယ်လိုအားလျော့နည်းခြင်းကြောင့် ပြည်တွင်းလက်ကျန်များ၍ အရှုံးပေါ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံထွက် ပဲများ၏ ၈၀ ရာခိုင်နှုန်းခန့်ကို နှစ်သုံးဆယ်နီးပါး ဝယ်ယူခဲ့ရာမှ လက်ရှိတွင် ပဲဈေးကွက်များကို ကန့်သတ်ထားခြင်းကြောင့် ပြည်တွင်း ပဲလက်ကျန် များပြား၍ ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

အခြားသော နိုင်ငံများသို့ ပဲများ တင်သွင်းရာတွင်လည်း သတ်မှတ်စံချိန်စံညွှန်း များပြားခြင်းကြောင့် အခက်အခဲများစွာရှိသည့်အပြင် ပြည်တွင်း ပဲလက်ကျန်မှာ တဖြည်းဖြည်း ပိုမိုများပြားလာကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“မတ်ပဲ အချိန် ၆၀ ကို ရာသီပေါ်ချိန်မှာ ဝယ်တုန်းက တစ်အိပ်ကို တစ်သိန်းငါးထောင် ၊ကျွန်တော်တို့ မနေ့တုန်းက ပေါက်ဈေးဆို ငါးသောင်းရှစ်ထောင် တစ်ဝက်နီးပါးလောက်ရှုံးသွားတယ်၊ အဲဒီမှာဘာတွေ ရှုံးလာမလဲဆိုတော့ ဘဏ်တိုးတွေပါ ထည့်ပေါင်းရင် ၇၀ ရာခိုင်နှုန်းလောက်ရှုံးတာ ဟုတ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုအခါ မွန်ပြည်နယ်အတွင်း ပဲစိုက်ကာလဖြစ်သည့်အလျောက် ပဲလက်ကျန်များသာ ဈေးကွက်တွင်း ရောင်းဝယ်နေကြကြောင်း၊ ပဲစိုက်တောင်သူများအတွက် ပဲမျိုးစေ့ကိုလည်း အထက်ပါ အသင်းအနေဖြင့် အနည်းငယ်သာ ထောက်ပံ့နိုင်ကြောင်း၊ ပဲဈေးကွက်တွင် လက်ကျန်ပဲများ ပုံမှန် အရောင်းအဝယ်ရှိပြီး ဈေးကွက်ပျက်သည့် အနေအထား မဟုတ်သော်လည်း ဆက်တိုက် အရှုံးပေါ်နေကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ဒုတိယအပတ်တွင် မတ်ပဲတစ်ပိဿာလျှင် ၉၁၆ ကျပ်၊ ပဲတီစိမ်းရွှေဝါ တစ်ပိဿာလျှင် ၁၃၈၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာလျှင် ၁၂၅၀ ကျပ်နှင့် ပဲပုတ် တစ်ပိဿာလျှင် ၁၀၅၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

Writtten by ရင်ငြိမ်းချမ်း

Advertisements
<

Leave a Reply