Advertisements

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်၏ ၂ဝ၁၈-၁၉ဘဏ္ဍာနှစ် ရသုံးမှန်းခြေဆိုင်ရာ ငွေစာရင်းအချက်အလက်များ နိုင်ငံသားအတွက် ဘတ်ဂျက် (Citizens Budget) စာစောင်ကို အောက်တိုဘာ ၂၂ ရက်က မော်လမြိုင်မြို့ရှိ ပြည်နယ် ခန်းမ၌ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

ထိုစာစောင်တွင် ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အတွင်း သုံးစွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာငွေ ရရှိမှုများကို ဖော်ပြထားသည်။

စာစောင် ထုတ်ဝေရခြင်းကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက “ဘတ်ဂျက်ဆိုင်ရာအသုံးတွေကို ပွင့်လင်းမြင်သာမှုရှိစေဖု့ိအတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်တယ်၊ဒီနှစ်မှာတော့ စောစော ထုတ်ဖြစ်တယ်၊ ပြည်သူတွေအနေနဲ့လည်း အစိုးရဘာတွေလုပ်ဆောင်မလဲဆိုတာ သိစေချင်တာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံသားအတွက် ဘတ်ဂျက် (Citizens Budget ) စာစောင်သည် တိုင်းပြည်အတွက် အစိုးရအနေဖြင့် သုံးစွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ် အကျဉ်းချုပ်ကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည့် (Citizens Budget ) စာစောင်တွင် အစိုးရအဖွဲ့၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၁၉ ချက်ကို ထည့်သွင်းရေဆွဲထားပြီး၊ ဦးစားပေး လုပ်ငန်းစဉ်များတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြဖွံံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်သည်။

ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် အစိုးရနှင့် ပြည်သူများအကြား ပွင့်လင်းမြင်သာမှုရှိစေရန် လိုအပ်ကြောင်း ပြည်နယ်ရသုံးမှန်ခြေဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ပြောကြားသည်။

“ဒီနှစ်မှာတော့ နှစ်အစမှာပဲ ထုတ်ဝေရခြင်းဖြစ်တယ်၊ လုပ်ငန်းတွေ မစခင်ထုတ်ဝေတာပါ၊ အစိုးရနဲ့ ပြည်သူ ချိတ်ဆက်မှုရှိလေကောင်းလေပဲ၊ ပြည်သူငွေတွေကို အစိုးရက ဘယ်လိုသုံးစွဲလဲဆိုတာ သေချာသိစေဖို့ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ယခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်နယ်၌ ဘတ်ဂျက်ငွေ ကျပ် ၁ဝ၃ဘီလီယံ သုံးစွဲမည်ဖြစ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရကို UNDP အဖွဲ့မှ ၁ ဘီလီယံ ထောက်ပံ့ပေးထားပြီး ပြည်ထောင်စုမှ ထောက်ပံ့ငွေ ၇၉ ဘီလီယံ နှင့် ပြည်နယ်ဝင်ငွေ ၂၄ ဘီလီယံ စုစုပေါင်း ၁ဝ၄ ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်အစိုးရမှ ချပြသည့် ရသုံးမှန်းခြေငွေစာရင်းနှင့် ပတ်သတ်ပြီး ပြည်သူများ၏ အကြံပြုချက်၊ သဘောထားမှတ်ချက်များကို မျှော်လင့်ပြီး အကြံပြုလိုပါက [email protected] (သို့) Mon State Budget Department Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဖြည့်စွက်ပြောသည်။

ထိုက်ထိုက်

Leave a Reply