မွန်ပြည်နယ်အတွင်းရှိ လယ်စိုက်သူများအတွက် မိုးစပါးချေးငွေ ကျပ်သန်း ၄၆၄၉၀ ဒသမ ၈၅ ကျော်ကို မေလအလယ်ပိုင်းတွင် စတင်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ပြည်နယ် ဘဏ်ခွဲမှ ပြည်နယ် မန်နေဂျာ ဦးခင်မောင်စိုးက ပြောကြားသည်။

“ကျွန်တော်တို့က ဒီနှစ်ဆောင်းယူထားတဲ့ လယ်သမားတွေက ဆောင်းချေးငွေ ပြန်ဆပ်ပြီးမှ မိုးစပါးကို ထုတ်ပေးတယ်၊ ဆောင်းမယူထားရင်တော့ မေလအလယ်မှာ စပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ချေးငွေများကို မေလအလယ်ပိုင်းမှ စတင်ပြီး စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်သာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ချေးယူလိုသည့် လယ်သမားများအနေဖြင့် လယ်ယာမြေပိုင်ဆိုင်သည့် ပုံစံ (၇) အပါအဝင်၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးမှု ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူနှင့် သန်းကောင်စာရင်း မိတ္တူတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ် မွန်ပြည်နယ်တွင် မိုးစပါး စိုက်ပျိုးဧက ၃၀၉၉၃၉ ဧကကို ချေးငွေ ထုတ်ပေးရန် လျာထားပြီး၊ ယခင်နှစ် ချေးငွေကျေသည့် ရွာများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ လယ်သမားတွေက ဒီချေးငွေကိုပဲ စောင့်နေရတယ်၊ ချေးငွေရမှ လုပ်ငန်းစနိုင်တယ်”ဟု ပေါင်မြို့နယ်၊ ရင်ငြိမ်တောင်ကျေးရွာမှ လယ်သမား ကိုလှထွန်းက ဆိုသည်။

မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မိုး၊ ဆောင်း သီးနှံ ချေးငွေ ထုတ်ချေးရာတွင် အခြားပြည်နယ်များနှင့် ယှဉ်ပါက ချေးငွေ အရင်ဆုံးကျေသည့် ပြည်နယ်ဖြစ်ကြောင်း ဦးခင်မောင်စိုးက ပြောသည်။

၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လယ်စိုက်တောင်သူများအတွက် မိုးစပါးချေးငွေ ကျပ် ၄၆ ဒသမ ၈၆ ဘီလီယံ ကျော်ကို ထုတ်ချေးပေးခဲ့ကြောင်း မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ပြည်နယ် ဘဏ်ခွဲ မှတ်တမ်းများတွင် ဖော်ပြထားသည်။

Written by – ဇော်ထိုက်

Leave a Reply