မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (ယထက) ကော်မတီအဖွဲ့ဝင်များကို ဇွန်လဆန်းပိုင်းတွင် အသစ် ပြန်လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် (ယထက) ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထိုက်က ပြောကြားသည်။

“ကျွန်တော်တို့ ယထကရဲ့ ဥပဒေအရ လေးနှစ် ပြည့်သွားလို့ နောက်ထပ်ရွေးကောက်ပွဲ ထပ်လုပ်ရတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ် (ယထက) ကော်မတီအဖွဲ့ဝင်များကို ရွေးချယ်ရန်အတွက် မြို့နယ် (ယထက) ကော်မတီအဖွဲ့ဝင်များကို မေ ၁၃ ရက်မှ ၃၁ ရက်အထိ မြို့နယ် ကော်မတီအလိုက် ရွေးချယ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြို့နယ် (ယထက) ကော်မတီအဖွဲ့ဝင်များအား ရွေးချယ်ပြီးစီးပါက မြို့နယ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ၂၆ ဦး၊ ပြည်နယ် ယာဉ်လိုင်း ၃၃ လိုင်းမှ တာဝန်ရှိသူ ၃၃ ဦးတို့ကို ပြည်နယ် (ယထက) ကော်မတီအဖွဲ့ဝင် ငါးဦးအဖြစ် အများဆန္ဒမဲဖြင့် ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်နယ် (ယထက) ဥပဒေအရ ပြည်နယ်ကော်မတီကို ဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်၊ ဘဏ္ဍာရေးမှူးတို့ဖြင့် ဖွဲ့စည်းထားပြီး၊ မြို့နယ် ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများသည် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ပြည်နယ် (ယထက) သည် ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မှန်လုံယာဉ်အပါအဝင် မော်တော်ယာဉ်များကို ကြီးကြပ် စစ်ဆေးသည့် လုပ်ငန်းများကို ဆောင်ရွက်ရပြီး၊ ယာဉ်ဝင်ကြေးမှ ရရှိလာသည့် ရန်ပုံငွေများကို ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လှူဒါန်းရကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မှန်လုံယာဉ် ဝင်ထွက်ကြေးကို တစ်စီးလျှင် ၂၀၀၀ ကျပ်၊ ပြည်နယ်အတွင်း၌ မောင်းနှင်သည့် မှန်လုံယာဉ် တစ်စီးလျှင် ၁၅၀၀ ကျပ် နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ပြည်နယ် (ယထက) စာရင်း မှတ်တမ်းများအရ သိရသည်။

လက်ရှိ မွန်ပြည်နယ်တွင် ပြည်နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ လက်အောက်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်အစီးပေါင်း ၅၀၀၀ ကျော်ရှိနေသည်။

Written by – ဇော်ထိုက်

Leave a Reply