Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဖွဲ့စည်းပြီး နှစ်လကျော်အထိ လာရောက် ရင်းနှီးမြှုပ်နှံမှု မရှိသေးကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ဟင်္သာမီဒီယာကို ပြောကြားသည်။

“ဒီနှစ်လအတွင်းမှာတော့ ကျွန်တော်တို့ ကော်မတီကို တင်လာတဲ့ဟာတွေ မရှိသေးဘူး။ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေတော့ ဥက္ကဋ္ဌကို လာတွေ့ထားတာ ရှိတယ်။ ဒါပေမယ့် တစ်ခုမှတော့ ကျွန်တော်တို့ ကော်မတီမှာ တိုက်ရိုက်လာတင်ပြီး မြှုပ်နှံတာတော့ မရှိသေးဘူး”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြသော လုပ်ငန်းရှင်များသည် ရန်ကုန်အခြေစိုက် ကုမ္ပဏီများသာ အများဆုံးဖြစ်သည့်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ကို တိုက်ရိုက်လျှောက်ထားတင်ပြပြီး လုပ်ကိုင်နေခြင်းကြောင့် ပြည်နယ်ကော်မတီတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု မရှိသေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဒေါ်လာ ငါးသန်း အောက်လုပ်ငန်းများကို ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက တိုက်ရိုက် စီမံပိုင်ခွင့်ရှိသကဲ့သို့ MIC အနေဖြင့်ကလည်း ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးအပ်နိုင်ကြောင်း၊ သို့သော် MIC ကို တိုက်ရိုက်လျှောက်တင်သည့် ကုမ္ပဏီများ MIC သို့ တိုက်ရိုက်လျှောက်ထား တင်ပြသော်လည်း ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ရရှိမှသာ လုပ်ကိုင်ခွင့်အတည်ပြုချက် ရရှိမည်ဖြစ်ကြောင်း ဦးမင်းသိန်းဦးက ပြောသည်။

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်တွင် နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင် အပါအဝင်ကော်မတီခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။

ပြည်နယ်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် လျှပ်စစ်မီး ရရှိရေးသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည့်အတွက် ယင်းကို ဖြည့်ဆည်းပေးနိုင်လျှင် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်ကြောင်း ဦးမင်းသိန်းဦးက မှတ်ချက်ပြု ပြောကြားသည်။

“ကျွန်တော်တို့ကို ကုမ္ပဏီ တော်တော်များများက လာတွေ့ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က လျှပ်စစ်မီး မပေးနိုင်တော့ သူတို့အတွက်လည်း အခက်အခဲဖြစ်နေတယ်” ဟု ပြည်နယ် စီမံ/ ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဒေါ်လာ ငါးသန်းအောက် လုပ်ငန်းများကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတွင် စီမံပိုင်ခွင့်ပေးအပ်ထားသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်စာရင်းများအရ ပြည်နယ်အတွင်း၌ နိုင်ငံခြားသား ရင်းနှှီးမြှုပ်နှံမှု ကုမ္ပဏီ ၂၇ ခုနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၂၆ ခု လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဇော်ထိုက်

 

Advertisements
<

Leave a Reply