(ဓါတ်ပုံအညွန်း – မွန်ပြည်နယ် မှ ရာဘာထုတ်လုပ်သည့် လုပ်ငန်းခွင်တစ် ကိုတွေ့ရစဉ် )

မော်လမြိုင်၊ မတ် ၂၃ ။ ။မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အများစုတွင် ရော်ဘာအရည်အသွေး ညံ့ခြင်းနှင့် အစေးလှီးစနစ် မှားယွင်းခြင်းကို တွေ့မြင်နေရကြောင်း ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောကြားသည်။

မွန်ပြည်နယ် နှစ်ရှည်ခံပင် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ ဝန်ထမ်းများ ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးခြံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ရော်ဘာမျိုးပင်ကို ကြည့်ခြင်းအားဖြင့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးထားခြင်း မဟုတ်ဘဲ ကြုံရာ ရော်ဘာမျိုးကိုသာ စိုက်ပျိုးသောကြောင့် ရော်ဘာအထွက်နှုန်း နည်းသည့်အပြင် အရည်အသွေးလည်း ကျဆင်းနေခြင်းကိုလည်း တွေ့မြင်နေရကြောင်း မွန်ပြည်နယ်၊ နှစ်ရှည်ခံပင် သုတေသနနည်းပညာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရော်ဘာ အရည်အသွေးညံ့တော့ ကမ္ဘာ့ပေါက်ဈေးမရဘူး”ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်တွင် ရော်ဘာခြံပိုင်ရှင်အများစုမှာ အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်ချင်သော်လည်း ဈေးကွက် မရှိသောကြောင့် မထုတ်လုပ်ကြောင်း ရော်ဘာစိုက်ပျိုးတောင်သူ ဦးသန်းလွင်က ပြောသည်။

“ခြံပိုင်ရှင်တွေက အရည်အသွေး မြင့်အောင်လုပ်ပြီး မိုင်းကြပ်ဈေးနှုန်းလောက်ပဲ ဝယ်ပေးရင် ဘယ်သူက လုပ်မလဲ။ အရည်အသွေးမြင့်လည်း ဒီဈေး၊ ညံ့လည်း ဒီဈေးပဲဆို စဉ်းစားပါဦး ဘယ်သူက ပင်ပန်းခံပြီး လုပ်ကြမလဲ”ဟု ၎င်းက ပြောဆိုသည်။

ရော်ဘာဈေးကွက်သည် ကမ္ဘာ့ဈေးကွက် ရှိပြီးသားဖြစ်သော်လည်း ရော်ဘာအရည်အသွေးအပေါ် မူတည်ပြီး ဈေးနှုန်းကွာဟသွားမည်ဖြစ်ကြောင်း ဦးကြည်စိုးက ပြောသည်။

“အရည်အသွေး ကောင်းအောင် မထုတ်တတ်တာ မဟုတ်ဘူး။ ထုတ်တတ်တယ်။ ဒါပေမယ့် ဈေးကွက် ပြဿနာ ဖြစ်နေတယ်။ အခုကတော့ လည်နေတယ်။ ထုတ်တဲ့သူရှိရင် ဝယ်တဲ့သူရှိတယ်။ ဝယ်တဲ့သူရှိရင် ထုတ်တဲ့သူရှိတယ်”ဟု ၎င်းက ထပ်ဆိုသည်။

ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ရော်ဘာအရောင်းအဝယ် လုပ်ကိုင်သူများနှင့် ရော်ဘာ ထုတ်လုပ်သူများကို ရော်ဘာနည်းဥပဒေနှင့် ထိန်းကျောင်းလိုက်ပါက ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Written – ရောင်နီဝင်း

Leave a Reply