“လက်ရှိမြန်မာပြည်အနေအထားအရ တစ်နိုင်ငံလုံးမီးမှန်ဖို့အတွက် ကျောက်မီးသွေးပေးသုံးရင်တော့မြန်တယ် ”

မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်သည် အစိုးရသစ်ရက် ၁၀ဝအတွင်း မွန်ပြည်နယ် တွင် လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်မည်ဟု ပြောကြားထားသော်လည်း ရက်၁၀ဝကျော်သည်အထိ လျှပ်စစ်မီးများ ပျက်တောက်နေခြင်းကြောင့် ဝေဖန်ခံနေရသည်။ ထို့ကြောင့် မွန်ပြည်နယ် အတွင်း လျှပ်စစ်မီး အပြည့်အဝ ရရှိရန် မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လျှပ်စစ်မီးအပြည့်အဝပေးရန် အစိုးရ ၏ အခက်အခဲများအကြောင်း ကို မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်နှင့်တွေ့ဆုံမေးမြန်း၍ ဖော်ပြအပ်ပါသည်။ min htin aung hun
ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ကို လျှပ်စစ်ဓါတ်အားဘယ်လိုပုံစံနဲ့ ဖြန့်ဖြူးပေးတာလဲ။ ဘယ်လို နှုန်းထားတွေနဲ့ကောက်ခံနေလဲ။
မင်းထင်အောင်ဟန်။ ။လျှပ်စစ်ကို ငန်းတေးက ဂတ်စ် တာဘိုင်နဲ့ သထုံက ဂတ်စ်တာဘိုင်နှစ်ခုကနေပြီးတော့ လျှပ်စစ်မီးတွေဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်၊ သထုံက ၅ဝ မဂ္ဂဝါပ်ထွက်တယ်၊ ငန်းတေးစက်ရုံကတော့ ၁၇၅မဂ္ဂါဝပ်ထွက်တယ်၊ မွန်ပြည်နယ်ရဲ့ အဓိက လျှပ်စစ်မီးကို အဲ့ဒီစက်ရုံနှစ်ခုကနေရတာဖြစ်ပါတယ်၊ ကျွန်တော်တို့မှာရေအားလျှပ်စစ်မရှိဘူး၊ ဂါတ်စ်ကိုလည်း ကံပေါက်ပိုက်လိုင်းကနေသွယ်တန်းပြီးတော့ စက်ရုံတွေကနေတစ်ဆင့် ဖြန့်ဖြူးပေးတာဖြစ်ပါတယ်၊၂၃ဝ ခွဲရုံကတော့ မော်လမြိုင်မှာရှိတယ်၊ သထုံမှာလည်းရှိတယ်၊ ကျန်တဲ့ဟာတွေကတော့ အများကြီးပဲ၊ မော်လမြိုင်တစ်မြို့တည်းမှာပဲ ခွဲရုံသုံးရုံပဲရှိတယ်၊ စက်ရုံကနေလည်း တာရိုက်သွယ်တန်းတာလည်းရှိတယ်၊ ကျွန်တော်တို့က ပြည်သူကို တစ်ယူနစ်ကနေ တစ်ရာယူနစ်ထိကို ၃၅ကျပ်၊ တစ်ရာကနေ နှစ်ရာယူနစ်ထိကို ကျပ် ၄ဝ၊ နှစ်ရာနဲ့ အထက်ဆိုရင် ၅ဝနဲ့ ကောက်ခံပါတယ်၊အရင်က ၁ယူနစ်ကနေ ၂ဝဝထိကို တစ်ဈေး၊ ၂ဝဝကနေ အထက်ကိုတစ်ဈေးနဲ့ ကောက်တယ်၊အခုတော့ ပုံစံသုံးမျိုးနဲ့ ကောက်တယ်၊ စီးပွားရေးနှုန်းကလည်း အရင်တုန်းကဆို ၇၅ကျပ်ယူတယ်၊ ငါတို့ဝယ်ရင် ၁၄ဝလောက်နဲ့ပေးဝယ်ရပြီးတော့ သုံးဆင့်နဲ့ ပြန်ကောက်တယ်၊ ဒါကိုလည်း နေပြည်တော်မှာတင်ဒါ ခေါ်နေပြီ၊ အစိုးရက ဓါတ်အားဝယ်မလို့၊ အခုက ဓါတ်အားခကို အစိုးရက ၁၄ဝလောက်နဲ့ဝယ်ပြီးတော့ ပြည်သူကို ၃၅ကျပ်နဲ့ရောင်းရတော့ အရှံဴးများနေတယ်၊ဒါကြောင့် အစိုးရက တွေ့ဆုံပွဲတွေမှာ မီတာခတိုးကောက်ဖို့ကို သူတို့နားလည် အောင်ပြောနေတာ၊ တကယ်လို့တိုးမယ်ဆိုရင်တောင် လူကြီးတွေက ဘယ်လောက်တိုးမယ်ဆိုပြီးတော့ ပြည်သူတွေကို ရေအားလျှပ်စစ်ကနေရတဲ့နှုန်းကနေ ပြည်သူတွေကို ၁ယူနစ်ကို ၇ဝနဲ့ကောက်ပြီး စီးပွားရေးလုပ်ငန်းတွေကိုကျတော့ အစိုးရက ဝယ်ရတဲ့နှုန်းနဲ့ကာ မိအောင်သတ်မှတ် ပြီး ကောက်ခံ မယ်လို့ထင်တယ်၊ နိုင်ငံတော်က ၁ယူနစ်ကို တစ်ရာရှူံးနေတယ်၊ အစိုးရက ဒီလိုစိုက်ထုတ်ပေး နေရတော့ လျှပ်စစ်ကဏ္ဍကိုတိုးတက် အောင်မလုပ်နိုင် တော့ဘူး။အရင်းလောက်ပြန်ရရင်တော့ တစ်နိုင်ငံလုံးကို မီးလင်းအောင်လုပ်ပေးဖို့လွယ်တာပေါ့၊ တောက်လျှောက်အရှုံးခံနေတော့ ဘယ်လိုတိုးတက်မလဲ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာ အစိုးရသစ်တက်လာပြီး နောက်ပိုင်း လျှပ်စစ်ဌာနက ဘာတွေလုပ်ပေးနိုင်ခဲ့လဲ။
မင်းထင်အောင်ဟန်။ ။ လျှပ်စစ်ဌာနက ရက်တစ်ရာစီမံချက်နဲ့ လုပ်ခဲ့တာတွေရှိတယ်၊ အဲ့တာကတော့ စစချင်းမှာပဲ လုပ်တာ ၊ နောက်ပိုင်း တင်ဒါခေါ်ဖို့လုပ်ငန်းတွေမှာပိုတဲ့ပိုက်ဆံ သိန်း ၁၃ဝဝကျော်ကို လည်း မြို့နယ်တွေမှာ လျှပ်စစ်မီးလိုင်းပြင်တာတွေရှိတယ်၊ လောလောဆယ်မှာလည်း လျှပ်စစ်မီးလိုင်းတွေကို အဆင့်မြှုင့်ဖို့ တင်ဒါခေါ်ထားတယ်၊ တင်ဒါပြီးရင်တော့ ထရန်စဖော်မာအသစ်တွေလည်း တပ်ပေးမယ်။

ဟင်္သာမီဒီယာ။ ။ လျှပ်စစ်နဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကုမ္ပဏီတွေဘက်က ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကမ်းလှမ်း တာတွေရှိလား။
မင်းထင်အောင်ဟန်။ ။ နိုင်ငံခြားကုမ္ပဏီတွေကတော့ အများကြီးလာကြပါတယ်၊ ဆိုလာနဲ့ လုပ်မယ့်လူတွေရော FOနဲ့လုပ်မယ့်လူတွေရော အမျိုးမျိုးလာကြပါတယ်၊ သူတို့က လျှပ်စစ်ထုတ်ပြီးအစိုးရကိုရောင်းမယ်ပေါ့၊ ဒါတွေကျတော့ ပြည်ထောင်စုအစိုးရနဲ့ပဲဆိုင်တယ်၊ ပြည်ထောင်စုအစိုးရကပဲ ဒီကုမ္ပဏီတွေဆီကပဲဝယ်ရမှာလေ။
ပြည်နယ်အစိုးရက ဒါတွေလုပ်ဖို့ ပါဝါမရှိဘူး၊ အဲဒီတော့ ပြည်ထောင်စုကိုပဲ ပြန်ပြီးလွှတ်ပေးနေတယ်၊ တို့အစိုးရစတက်ကတည်းက လာနေတာ ကုမ္ပဏီ ၇ခုလောက်ရှိပြီ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာ လျှပ်စစ်မီးမရသေးတာ ဘယ်နေရာတွေကျန်သေးလဲ။
မင်းထင်အောင်ဟန်။ ။မွန်ပြည်နယ်မှာဆိုရင် လျှပ်စစ်မီးလုံးဝမရသေးတာ ရေးမြို့နယ်တစ်မြို့နယ်ပဲကျန်တော့ တယ်၊ ကျန်တဲ့မြို့နယ်တွေကတော့ အားလုံးရသွားပြီးတော့ အဆင်ပြေသွားပြီ၊ အဲ့တော့ ကျန်နေတဲ့ရေးမြို့ကိုပဲ မီးရအောင်ကြိုးစားနေတယ်၊ပြည်ထောင်စုဝန်ကြီးပြောတာလည်း သတင်းထဲမှာပါတယ်၊ ပြည်ထောင်စုဝန်ကြီး ပြောတာက Asia Development Bank အာရှဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့ ငွေချေးပြီးတော့လုပ်မယ်လို့ပြော ထားတယ်၊ဘဏ်က အတိုးသက်သာတယ်လေ၊ ဒီတော့ ၂ဝ၁၈လောက်မှပဲ လျှပ်စစ်မီးရမှာပေါ့၊ ချေးငွေရမှ လုပ်လို့ရမယ့်အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ခက်ခဲနေတာပါ။ မွန်ပြည်နယ်မှာ လျှပ်စစ်နဲ့ပတ်သက် ပြီး လိုတဲ့ဟာတွေဖြည့်ဆည်းနိ်ုင်အောင်ပဲ ပြည်နယ်အစိုးရက လုပ်ရတာလေ။

ဟင်္သာမီဒီယာ။ ။ အစိုးရသစ်တက်လာပြီးနောက် ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်မှာ မီးမပြတ် အောင်လုပ်ပေးမယ်လို့ပြောခဲ့တာကို အကောင်အထည်မဖော်နိုင်တာ ဘာကြောင့်လဲ။
မင်းထင်အောင်ဟန်။ ။မီးမှန်အောင်လုပ်ပေးမယ်ဆိုတာက အခုတွေ့တဲ့အတိုင်းပဲ။ ရာသီဥတုကလည်း ဆိုးရွားနေတော့ အခက်အခဲတွေရှိတယ်၊ အခုလက်ရှိလည်း မီးက မှန်သလောက်ပဲလေ၊ အရင်တုန်းကဆို ဗို့အားပြည့်ပြည့်မရခဲ့ဘူး၊ ရက်တစ်ရာစီမံချက်မှာလုပ်ခဲ့တဲ့ တောင်ခွဲရုံပြီးတော့ မီးကောင်းသွားတယ်၊ အခုနောက်ပိုင်းမီးမမှန်တာက မီးလိုင်းတွေအားနည်းချက်တွေများလို့၊ပြီးတော့ ရာသီဥတုတွေလည်းအရမ်းဆိုး ရွားနေတဲ့အခါကျတော့ မီးမမှန်တာတွေလည်းရှိနေတယ်။

ဟင်္သာမီဒီယာ။ ။ ဆရာတို့အစိုးရအနေနဲ့ ဘယ်အချိန်လောက်မှာဆိုရင် လုံးဝမီးမှန်မယ်လို့ အာမခံနိုင်မလဲ။
မင်းထင်အောင်ဟန်။ ။ အဲလိုအခြေအနေမျိုးကို ဘယ်တော့ရောက်မလဲဆိုတော့ လက်ရှိမြန်မာပြည်အနေအထားအရ တစ်နိုင်ငံလုံးမီးမှန်ဖို့အတွက် ကျောက်မီးသွေးပေးသုံးရင်တော့မြန်တယ်၊ ကျောက်မီးသွေးကလည်း မြန်မာပြည်မှာပွစိထအောင် ဆောက်စရာမလိုဘူး၊ ကျောက်မီးသွေးစက်ရုံ သုံးနေရာလောက်ကို တစ်နေရာမှာ ၁၅ဝဝမဂ္ဂါဝပ်အတွက် သုံးနေရာလောက်လုပ်လိုက်ရင် မြန်မာပြည်တစ်ခုလုံးမီးလင်းသွားမယ်၊ ဒါပေမယ့် ကျောက်မီးသွေးကိုတော့ အကောင်းဆုံး သန့်စင်စနစ်နဲ့ အဆင့်မြင့်တဲ့ဟာလုပ်မှရမှာပေါ့၊ ပြည်သူတွေကလည်း လက်မခံဘူးဆိုတော့ တရုတ်နိုင်ငံကစက်တွေနဲ့ ဆိုအဆင်မပြေဘူး၊ ဂျပန်နည်းပညာတွေနဲ့ နေရာများများမလုပ်ပဲ သုံးနေရာလောက်ပဲလုပ်ဖို့လိုမယ်၊ သုံးနေရာဆိုတာ လူတွေအတွက် အန္တရာယ်မဖြစ်စေနိုင်တဲ့နေရာတွေပဲဖြစ်ရမယ်၊ သန့်စင်တဲ့ကျောက်မီးသွေးနဲ့လုပ်မယ်ဆိုရင်တော့ ဓါတ်အားခလည်းသက်သာမယ်၊ နောက်ပြီးတော့ မြန်မြန်ဆန်ဆန်လည်းအဆင်ပြေမယ်ပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ တစ်ခြားကုမ္ပဏီတွေနဲ့လုပ်ရင်ပိုက်ဆံတွေ အများကြီးကုန်မှာ။

ဟင်္သာမီဒီယာ။ ။ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကလည်း ကန့်ကွက်နေတော့အဆင်ပြေပါ့မလား။
မင်းထင်အောင်ဟန်။ ။ အဲ့ဒီအတွက် ပြည်သူတွေကို ကျောက်မီးသွေးနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးတာတွေအများကြီးလုပ်ဖို့လိုတယ်၊ သုံးနေရာလောက်ပဲလုပ်မယ်ဆိုရင် တိုင်းပြည်အတွက်လည်း ဘာမှမထိခိုက်ဘူး၊ သူများလိုစက်မှုနိုင်ငံကြီးတွေတောင်ဒီလိုသုံးနေတာ၊ ဒါတွေမရှိပဲ တိုင်းပြည်တိုးတက် အောင်လုပ်လို့မရဘူးလေ၊ တိုင်းပြည်လည်းတိုးတက်ချင်တယ် ဆန်မရှိဘဲ အစားကြီးလို့မရဘူး၊ ကျောက်မီးသွေး က သင်္ဘောနဲ့ သယ်ရမှာဖြစ်တဲ့အတွက် ရေနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့ ပင်လယ်ကမ်းနံဘေးတို့ ကျောက်မီးသွေး တင်သင်္ဘောတွေဝင်လို့ရတဲ့နေရာတွေတော့ ဖြစ်ရမှာပေါ့၊ ပင်လယ် ကမ်းခြေရှိတာဆိုတော့ မွန်နဲ့ တနင်္သာရီ တိုင်းရဲ့ ကြားအစပ်မှာပဲဖြစ်ဖြစ် တစ်လုံးလောက်၊ ဧရာဝတီမှာတစ်လုံးလောက်နဲ့ ရခိုင်နားမှာ တစ်လုံး လောက်လုပ်လိုက်ရင် မြန်မာပြည်ကြီးမီးလင်းသွားမှာပေါ့၊ ကမ်းမှာဆောက်မှာဆိုတော့ လွယ်တယ်လေ၊ ဒါကိုတော့ လုပ်သင့်တယ်ထင်တာပဲ ၊ တိုင်းပြည်ကဘာမှလည်းမလုပ်နိုင်ဘူး၊ သူများတိုင်းပြည်ဆိုရင် အကုန်လုပ်နိုင်တယ်၊ ကိုယ့်တိုင်းပြည်မှာဆိုရင် ဘာမှလည်းမရှိဘူး၊ ဒါတွေမှမလုပ်ရင်လည်း တစ်ခြားတိုးတက် အောင်လုပ်လို့မှမရတာ။

ဟင်္သာမီဒီယာ။ ။အစိုးရသစ်တက်လာပြီးနောက်ပိုင်းဝန်ကြီးဌာနအချင်းချင်းချိတ်ဆက်လုပ်ကိုင်ရတဲ့ ကဏ္ဍတွေမှာ ဘယ်လိုအခြေအနေတွေရှိလဲ။
မင်းထင်အောင်ဟန်။ ။အစိုးရပိုင်းမှာတော့ လိုအပ်သလိုချိတ်ဆက်ပြီးလုပ်နေကြတာပဲ၊ အုပ်ချုပ်ရေးမှာတော့ ခြုံပြီးပြောရရင် ကျွန်တော်တို့ဌာနက ပြဿနာသိပ်မရှိဘူး၊ ကျွန်တော်တို့ကိုယ်တိုင်က ဒီအလုပ်တွေနဲ့ အကျွမ်း တစ်ဝင်ရှိပြီးသားတွေဖြစ်တော့ ဘယ်သူမှလာပတ်လို့မရဘူး၊ တစ်ချို့ကျတော့ ကိုယ်ကိုတိုင်က အဲ့ဒီလုပ်ငန်း တွေကို မကျွမ်းကျင်ရင်တော့ ကိုယ့်အောက်ကလူက ကိုယ့်ကို ပြန်ပတ်တာခံရမယ်၊ တစ်ချို့ဋ္ဌာနတွေက တွေ့တဲ့အတိုင်းမောင်းတိုင်းမသွားတာများတယ်၊ ပြည်ထောင်စုမှာလည်း ဒီလိုမျိုးတွေရှိတာပဲ၊ အစိုးရသွားချင်တဲ့ ပေါ်လစီကိုတကယ်အကောင်အထည်ဖော်ပေးရတာက ဝန်ထမ်းယန္တရားတွေဖြစ်တယ်၊ကိုယ်သွားချင်တဲ့လမ်းကို မသွားပဲနဲ့ သူ့လုပ်ချင်တဲ့ဟာကိုပဲ စွတ်လုပ်ရင်လည်းတစ်ခါတစ်လေ မထိန်းနိုင်ရင် ပါသွားတတ်တယ်၊ ဒါက တော့ တစ်နိုင်ငံလုံးမှာကြုံနေရတဲ့ပြဿနာပါပဲ၊ ကျွန်တော်တို့မှာလည်းရှိနေတပဲ၊ အရင်တုန်းက တင်ဒါပေးရင် အစိုးရက မထိန်းနိုင်ဘူး၊ အခုတော့ အဆင်ပြေလာပြီ၊ အစိုးရဆိုတာက ထိန်းကျောင်းရမယ့် ဝတ္တရားရှိတော့ ထိန်းရမှာပဲပေါ့၊ ဝန်ထမ်းခန့်ရင် လာဘ်ပေးလာဘ်ယူနဲ့ဆိုရင် အစိုးရမှာတာဝန်ရှိလာပြီ၊နောက်ဆုံးဝန်ထမ်း ယန္တရားကနေပြီး မှန်မှန်ကန်ကန်မလုပ်ရင်လည်း ကိုယ့်မှာတာဝန်ရှိလာတာပဲ၊ ကိုယ်က အစိုး၇လုပ်တာကို ၊ ကိုယ့်ဘက်က ကိုင်တွယ်နိုင်ဖို့တော့လိုတယ်၊

ဟင်္သာမီဒီယာ။ ။ ဒီအစိုးရ သက်တမ်းငါးနှစ်မှာ အစိုးရပိုင်းက ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။
မင်းထင်အောင်ဟန်။ ။ ပိုပြီးကောင်းအောင်တော့ အစိုးရက ပြည်သူနဲ့ လွှတ်တော်နဲ့ အားလုံးပူးပေါင်းပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကို လုပ်ဖို့လိုတယ်၊ ပြည်သူတွေထဲမှာလည်း အကြံကောင်းပေးနိုင်တဲ့သူတွေအများ ကြီးရှိတယ်၊ အဲ့လိုပူးပေါင်းဆောင်ရွက်ပြီး အကြံညဏ်ယူမယ်ဆိုရင်တော့ စုပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ တိုင်းပြည်က မြန်မြန်ဆန်ဆန်တက်မှာပေါ့၊ အဲ့လိုမှမဟုတ်ပဲ အစိုးရအဖွဲ့လည်း သွားချင်ရာသွား ယန္တရား ကလည်း ပရမ်းပတာနဲ့ လည်ပတ်နေမယ်ဆိုရင် နောက်ကျရင် ကိုယ့်ကိုမောင်းထုတ်လိုက်မှာပေါ့၊

Leave a Reply