မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ် လွှတ်တော်သို့ နှစ်နှစ်အတွင်း တိုင်ကြားစာပေါင်း ၁၇၀၀ ကျော် ရောက်ရှိခဲ့ကြောင်း ပြည်နယ် လွှတ်တော်၏ တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားစာတွင် မြေယာ ပြဿနာ အများဆုံး ပါဝင်နေပြီး ဖြေရှင်းနိုင်သော တိုင်စာ ၈၀ ရာခိုင်နှုန်းကျော်ကို ဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။

မြေယာ အငြင်းပွားမှုများကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းထံ မေးမြန်း၍ ကာယကံရှင်ထံ အကြောင်းပြန်းခဲ့ပြီး၊ တရားရုံးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ရေး နစ်နာမှုများမှာ ဖြေရှင်း၍ မရသော ကိစ္စရပ်များလည်း ပါဝင်နေသည်ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် မြေယာ အလွဲသုံးစားမှုများကို ကော်မတီအနေဖြင့် ကွင်းဆင်း စစ်ဆေးပြီး တွေ့ရှိချက်များကို လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် အစိုးရထံ ပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။

“တချို့ဟာတွေက ရွာပိုင်မြေတွေကို အကွက်ရိုက်ပြီးရောင်းတာတို့ အဲ့တာတွေကတော့များတာပေါ့ များမြေဈေးကောင်းလာတော့ အကွက်ရိုက်ရောင်းတာက ခေတ်ပေါ်စီးပွားရေးတစ်ခုလိုဖြစ်နေတယ်”ဟု ဦးအောင်ကျော်သူက ဆိုသည်။

ယခုနောက်ပိုင်း ပြည်သူများမှတိုင်ကြားသည့် ကိစ္စရပ်များကို ဖြေရှင်းရာတွင် ဌာနဆိုင်ရာများမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်လာခြင်းကြောင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“အရင်ကဆို ဌာနဆိုင်ရာတွေက ခြောက်လလောက်ကြာလည်း စာမပြန်တာတွေရှိတယ် အခုက တစ်လလောက်အတွင်းကို ပြန်ပေးပို့လာတယ်”ဟု၎င်းက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားသည့် တိုင်ကြားစာများမှာ တစ်လလျှင် အစောင်ရေ ၅၀ နီးပါးခန့်ရှိပြီး နှစ်ပတ်လျှင် တစ်ကြိမ် စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Written by သက်ပိုင်

Leave a Reply