မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ် လွှတ်တော်အတွက် သီးခြားဝန်ထမ်း ၁၂၄ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားခဲ့သည်။

ပြည်နယ်လွှတ်တော်အတွက် ဝန်ထမ်းများကို မေလမှ စတင်ခေါ်ယူမည်ဖြစ်ပြီး ဧပြီလတွင် လွှတ်တော် ဝန်ထမ်းအဖြစ် အတည်ခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ အစိုးရသက်တမ်းကတည်းက လွှတ်တော်မှာ ဝန်ထမ်းသီးခြားဖြစ်ဖို့ ဆွေးနွေးခဲ့တယ်၊ အခုလည်း ကျွန်တော်တို့ အကြိမ်ကြိမ်ဆွေးနွေးခဲ့တယ် သဘောတူညီချက်တွေရခဲ့ပြီး၊ ဧပြီလ ၁ ရက်နေ့ကနေစပြီး ဝန်ထမ်းတွေ ခန့်အပ်သွားမယ်”ဟု ဒု-ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

လက်ရှိပြည်နယ်လွှတ်တော်တွင် သီးသန့်ဝန်ထမ်းမရှိသောကြောင့် လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများကို ခေါ်ယူထားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနက်မှ သီးခြားလွှတ်တော်ဝန်ထမ်း ခန့်အပ်သွားမည်ဖြစ်သော်လည်း ဝန်ထမ်းတစ်ဦးချင်၏ သဘောဆန္ဒကို မေးမြန်းပြီး ခန့်အပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်က ပြောဆိုသည်။

“ဝန်ထမ်းတစ်ဦးချင်ရဲ့ သူ့ရဲ့အခွင့်အရေးနှင့်အညီ လွှတ်တော်မှာ တာဝန်ထမ်းဆောင်ချင်ရင်လဲ လွှတ်တော် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်။ အဲ့သလို မဟုတ်ဘူး။ မူလအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြန်လည်ပြီး တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်လည်း ရတယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်လွှတ်တော်အတွက် ဝန်ထမ်းများ ခန့်အပ်ပြီးသွားအချိန်မှာလည်း ချက်ချင်း အပြောင်းအလဲ လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း၊ အတည်ခန့် ဝန်ထမ်းများအတွက် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ယူပြီး အပြောင်းအရွှေ့ကိစ္စရက်နှင့် သင်တန်းပေးခြင်းကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – အဂ္ဂနန်

Leave a Reply