မော်လမြိုင်၊ မတ် ၂၈ ။ ။ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂) မှပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဦးကို မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြုခန့်အပ်လိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

mmmm
မတ်လ ၂၉ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တင်သွင်းအဆိုပြုထားသော ဦးမင်းမင်းဦးကို လွှတ်တော်ကိုယ်စား လှယ်များက ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

“နိုင်ငံတော်သမ္မတက ကျွန်တော့်ကိုတာဝန်ပေးသင့်တယ်ထင်လို့ပေးတာဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံအရ သမ္မတညွှန်ကြားထားတဲ့ အတိုင်းကျရာတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်၊ကိုယ်ဖြစ်စေချင်တဲ့လူ ဖြစ်ပါဆိုပြီးတော့ရွေးချယ်ခွင့်မရှိပါဘူး” ဟုမွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံရသူ ဦးမင်းမင်းဦးက ဟင်္သာမီဒီယာသို့ပြောသည်။

မွန်ပြည်သူများဖြစ်စေချင်သည့် အရပ်သားအစိုးရစစ်စစ်ကို ရရှိထားပြီဖြစ်ပြီဖြစ်သော်လည်း ဝန်ကြီးချုပ်ဖြစ်သူ၏ လုပ်ငန်းအတွေ့အကြုံအားနည်းမှုရှိလျှင်နားလည်မှုရှိရှိဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း ဦးအောင်နိုင်ဦး ကပြောသည်။

“ကျွန်တော်တို့ကတော့ မွန်ပြည်နယ်မှာမွန်လူမျိုးဦးဆောင် ဝန်ကြီးချုပ်ဖြစ်စေချင်တာပေါ့၊ သို့သော်လည်း လက်ရှိလှုပ်ရှားနေရတဲ့ အခြေခံဥပဒေအရ သတ်မှတ်ထားတာမျိုးမရှိတဲ့အတွက် လွှတ်တော်မှာရှိတဲ့ ကိုယ်စား လှယ် ထဲကရွေးလိုက်တယ်ဆိုတော့ ဖြစ်စေချင်သော်လည်းပဲ ဘာမှပြောလို့မရပါ” ဟု ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် အနေဖြင့် မြေယာပြသနာများ ကို အဓိက ရင်ဆိုင်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

၂ဝ၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ဆန္ဒ ၉ဝရာနှုန်းဖြင့် အနို်င်ရထားသည့် NLDပါတီမှ တက်လာသည့် ဝန်ကြီးချုပ်ဖြစ်သည့်အတွက် ပြည်နယ်၏ကောင်းကျိုးကို မိမိတို့နှင့်အတူတစ်ကွ အတတ်နိုင်ဆုံး ဆောင်ရွက်သွားနိုင်လိမ့်မည်ကို ယုံကြည်ကြောင်း ရေးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ဦးမင်းမင်းဦး သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂) မှ အနိုင်ရရှိထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လတ်တလောတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

၁၉၇၀ ခုနှစ် သြဂုတ် ၉ ရက်နေ့တွင်မွေးဖွားခဲ့သော ဦးမင်းမင်းဦးသည် အသက်အားဖြင့် ၄၆ နှစ်ရှိပြီဖြစ်သည်။

ရန်ကုန်စက်မှုတက္ကသိုလ်မှ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘွဲ့ရတစ်ဦးဖြစ်ကာ ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်းအရောင်းဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘီးလင်းမြို့ နယ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လညး်ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာအေးဇံ ကို ခန့်အပ်ရန် ကနဦး သတင်းထားထွက်ေပေါ်နေပြီး ဦးမင်းမင်းဦးကို ခန့်အပ်သည့်အတွက်ကြောင့် အမျိုးသားဒီမိုကရေစီNLDပါတီနှင့် မွန်ပြည်နယ် ပြည်သူများ ကြီး သဘောထား ကွဲလွဲမှုများရှိနေကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီတာဝန်ရှ်ိသူ တစ်ဦးကပြောကြားသည်။

Leave a Reply