မော်လမြိုင်၊ ဇွန်၂၀

မွန်ပြည်နယ် ဝန်ကြီးချုပ် ဆုံးဖြတ်ချက်ဖြင့် တင်ဒါမခေါ်ပဲ ဖောက်လုပ်ခဲ့သော အောင်သပြေ-နှစ်ကရင်လမ်း ကျေးရွာချင်းဆက်လမ်း ပိုင်းကိစ္စတွင် တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု မရှိဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြားထားကြောင်း တိုင်ကြားသူများထဲ မှတစ်ဦးဖြစ်သည့် ရေးတော်ဝင် ရေတော်ဝင် သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်း က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းအချို့က ဒီမိုကရေစီစနစ်ကို သွေဖီနေသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်လည်း ငြိစွမ်းနေသည့်အတွက် မွန်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့က ဇွန်လ ၁၈ ရက်က ရန်ကုန်မြို့ရှိ အဂတိလိုက်စား မှုတိုက်ဖျက်ကော်မတီထံ တိုင်ကြားထားခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ အောင်နိုင်ဦးရဲ့ မေးခွန်းကို ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး။ လွဲမှားနေတယ်။ နောက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွမ်းနေတယ်။ အဲဒီအတွက် တိုင်ကြားထားတဲ့သဘောပါပဲ”ဟု ရေးမြို့နယ် အခြေစိုက် ရေတော်ဝင်းသတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။

ယင်းသို့ တိုင်ကြားရာတွင် မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် ၉ဦးတို့၏ လက်မှတ်ဖြင့် တိုင်ကြားခြင်းဖြစ်သည်။

“ ဒီမိုကရေစီ စံနှုန်းအရ သွားနေတဲ့အချိန်မှာ အပြန်အလှန်ထိန်းညှိခြင်းနှင့် ဥပဒေ နှင့် အညီ လုပ်ဆောင်ရ မယ့်အရာမှာ ကျူးလွန်တယ် ဖောက်ပျက်တယ်ထင်လို့ ယူဆလို့ ဒါကို တရားဥပဒေအရ စိစစ်နိုင်အောင်လို့ တိုင်ကြားခြင်းဖြစ်တယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

အဓိက တိုင်းကြားထားသည့်ကိစ္စမှာ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျတ် (၆)လ ဘဏ္ဍာရေးနှစ်တွင် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ကျပ်သန်း (၁၀၀၀) ဖြင့် တင်ဒါမခေါ်ဘဲ Suthem Myanmar Development Co,;Ltd (SMD) ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် ကိစ္စနှင့် ကျိုက်ထီးရိုးဘုရားတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက်နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လွဲမှားစွာ ဆောင်ရွက်ထားသည့်ကိစ္စများ ကို တိုင်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။

၎င်းအပြင် တိုင်ကြားရာမှာ မေးခွန်းဖြေကြားသည့် အပေါ်တွင် ဥပဒေအရ ကျူးလွန်ကြောင်း ယူဆခြင်းကြောင့် တိုင်ကြားခြင်းကြောင့်သာ တိုင်ကြားခြင်းဖြစ်သည် ဟု ဦးဆောင်တိုင်ကြားသူများထံ မှသိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ဟင်္သာမီဒီယာ က မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ သွားရောက် မေးမြန်းခဲ့ သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ မပြောလိုကြောင်း သာ ပြန်လည်ဖြေကြားခဲ့သည်။

အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီကို ပေးခဲ့သည့်ကိစ္စသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က ပြောဆိုထားသည်။

အဆိုပါ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်နှင့် ကတ္တရာလမ်းခင်း ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်ကျပ်သန်း (၇၅၇) ကို တင်ပြထားလျက်ရှိပြီး ယင်းတင်ပြထား သော ဘတ်ဂျတ်ကို ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှဆောင် ရွက်မည့် စီမံကိန်းများတွင် အသုံးပြုမည့် ငွေလုံးငွေရင်းအသုံစရိတ်မှာ ထည့်သွင်းဆောင် ရွက်ထားခြင်းဖြစ်သည်။

Written by ရန်လင်းအောင် ၊ အောင်မြတ်

Leave a Reply