Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၁၈

ယခု ဘဏ္ဍာရေးနှစ်စ၍ မွန်ပြည်နယ် သုံးဆထိအောင် ဖွံ့ဖြိုး တိုးတက်လာမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ယင်းသို့ ဖွံ့ဖြိုးတိုးတက်လာစေမည့် အကြောင်းရင်းမှာ ယခင်အစိုးရလက်ထက်က သုံးစွဲခဲ့သည့် စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ကို မိမိတို့ အစိုးရလက်ထက်တွင် သုံးဆပိုမိုသုံးစွဲထားခြင်းကြောင့်ဟု ၎င်းက ဆိုသည်။

“စည်ပင်အနေနဲ့ တစ်နှစ်တည်း လုပ်ရမယ့် လုပ်ငန်းကို သုံးနှစ်စာ တစ်ပြိုင်တည်း လုပ်ရပါတယ်။ ဒါ့ကြောင့် မိမိတို့ ပြည်နယ် အနေနဲ့ သုံးဆ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံရရှိသည့် အခွန်ငွေ ခြောက် ဘီလီယံ ကျော်ကိုသာ ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့ပြီး၊ မိမိတို့အစိုးရ လက်ထက်တွင် စည်ပင်သာယာရေးအဖွဲ့ လုပ်ဆောင်မည့် တစ်နှစ်စာ ဘတ်ဂျက်ကို ၁၉ ဘီလီယံကျော်အထိ သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ပြောသည်။

ယင်းအပြင် မိမိတို့ အစိုးရ တာဝန်ယူသည့် ငါးနှစ်တာ ကာလအတွင်း မွန်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ၁၅ နှစ်စာ အတိုင်းအတာ အထိ တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီး၏ ပြောကြားချက်အပေါ်မော်လမြိုင်မြို့နေ ဦးထွန်းဦးက “မွန်ပြည်နယ် သုံးဆအထိ ဖွံ့ဖြိုး တိုးတက်လာမယ် ပြောတာ ဖြစ် မဖြစ်ကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အပြောနဲ့ အလုပ် ညီဖို့တော့ လိုတယ်”ဟု မှတ်ချက်ပြုသည်။

မွန်ပြည်နယ်အစိုးရ၏ ယခုဘဏ္ဍာရေးနှစ်အတွက် သုံးစွဲမည့် ဘတ်ဂျက် ၈၆ ဘီလီယံကျော်အနက် ပြည်ထောင်စု အစိုးရက ၇၅ ဘီလီယံ ထောက်ပံ့ခဲ့ပြီး၊ ပြည်နယ်အစိုးရမှ အခွန် ၁၁ ဘီလီယံ ကျော် ကောက်ခံရရှိထားခြင်းဖြစ်ပြီး၊ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်မည့် လုပ်ငန်းစဉ် မူဝါဒ ၁၄ ချက်ထားကာ၊ ဦးစားပေး လုပ်ငန်းတွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြဖွံံ့ဖြိုးတိုးတက်ရေး၊ အမှိုက်သိမ်း စနစ် ကောင်းမွန်စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်သည်။

သုံးစွဲသွားမည့် ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ၁၉ ဘီလီယံ၊ လမ်းဦးစီးဌာန ၂၃ ဘီလီယံ၊ စည်ပင်သာယာရေးဖွဲ့ ၁၉ ဘီလီယံနှင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ၇ ဒသမ ၄ ဘီလီယံတို့ဖြင့် အများဆုံး သုံးစွဲထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံသားအတွက် ဘတ်ဂျက် စာစောင် တွင် ဖော်ပြထားသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply