Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

မွန်ပြည်နယ်အစိုးရအဖွဲ့ အချို့နေရာတွင် အဂတိလိုက်စားမှု ရှိနေသေးကြောင်း ဇန်နဝါရီ ၃ ရက်က သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဝန်ခံ ပြောဆိုခဲ့သည်။

“တစ်ချို့နေရာတွေမှာ ကျွန်တော်တို့အနေနဲ့ ဝန်ခံရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဖြစ်အောင် ကြိုးစားနေပါတယ်ဆိုတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့အချို့နေရာတွေမှာ အဂတိလိုက်စားမှုတွေရှိနေပါတယ်။ ကျွန်တော်ဝန်ခံပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

သန့်ရှင်းသော အုပ်ချုပ်ရေး ယန္တရားဖြစ်လာစေရန် ရှိနေသည့် စည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့် တိတိကျကျ ကြိုးပမ်းဆောင်ရွက်နေသော်လည်း အချို့နေရာတွင် အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဂတိလိုက်စားမှုဆိုတာမျိုးကတော့ သိပြီးတဲ့အတိုင်းပါပဲ။ ပေးတဲ့သူကလည်း ပေးတယ်။ ယူတဲ့သူကလည်း တကယ်ယူတယ်။ ပေးသူယူနှစ်ခုလုံးမှာ တာဝန်ရှိတယ်။ ပေးတဲ့သူကလည်း ကိုယ့်လုပ်ငန်းကို အချိန်အခါ တစ်ခုမှာ ရစေချင်လို့ ဆန္ဒလည်းရှိတယ်။ ကိုယ်များမပေးဘူးဆိုရင် သူများမလုပ်ပေးဘူးလားဆိုတဲ့ စိတ်ပူပန်ပြီးတော့ ပေးတဲ့ကဏ္ဍလည်း ရှိတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စသည် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုမရှိလျှင် စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

ထိုလူထုတွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Written byရွှေရိုး

Advertisements
<

Leave a Reply