Advertisements

“ဒီအနံ့ကို မခံနိုင်လို့ ပြောနေတာ၊ ခံနိုင်ရင် အခုလို မပြောပါဘူး”ဟု ဒေါ်ခင်စန်းဝင်းကပြောသည်။
မော်လမြိုင် စက်မှုဇုန်တွင် အထည်ချုပ် လုပ်ငန်း လုပ်ကိုင်နေသော ဒီဇိုင်းနာဖြစ်သူက သူတို့ ခံစားနေရသည့် အနံ့အကြောင်းကို ပြောပြနေခြင်းပင်။
အဆိုပါ စက်မှုဇုန်တွင် ခနောက်စိမ်း သတ္တု သန့်စင် စက်ရုံအချို့ကို ပြည်နယ်အစိုးရအဖွဲ့မှ ယာယီ စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ပြီးနောက် ခနောက်စိမ်းမှ ထွက်ရှိလာသည့် အနံ့ကို ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟု ဒေသခံတို့က ပြောကြသည်။

ယင်းကိစ္စကို မွန်ပြည်နယ် အစိုးရအဖွဲ့သို့ သုံးကြိမ်ထက်မက တင်ပြခဲ့သော်လည်း ဂရုမစိုက်သလို ဖြစ်နေသည်ဟု ဒေါ်ခင်စန်းဝင်းက ဆိုသည်။
ခနောက်စိမ်းစက်ရုံမှ ထွက်ရှိသော အနံ့ကို ရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ လည်ချောင်း ခြောက်ခြင်း၊ ရေသောက်၍ မရခြင်း၊ အစာစားရန် အခက်အခဲ ရှိခြင်းအပြင် ထိုအနံ့ရလျှင် နေလိုပင် မရကြောင်း စက်မှုဇုန်တွင် နေထိုင်ကြသော ဒေသခံများက တညီတညွတ်တည်း ပြောဆိုနေကြသည်။

စက်မှုဇုန်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးက ခနောက်စိမ်း စက်ရုံမှ ထွက်ရှိနေသော အနံ့ကို ယခုလို မှတ်ချက်ပြုသည်။

“အနံ့ ဆိုးပါတယ်ဆိုတဲ့ ရော်ဘာစက်ရုံက အနံ့တို့ ငရုတ်သီးအနံ့တို့ နောက်ဆုံး မြေသြဇာစက်ရုံက ပုပ်ပွတဲ့ အနံ့တွေတောင်ခံနိုင်တယ် ဒီခနောက်စိမ်းအနံ့က ဘယ်လိုမှ ခံလို့ကို မနိုင်တာ”ဟု ဆိုသည်။

အဆိုပါ ဒေသခံသည် မော်လမြိုင်စက်မှုဇုန်တွင် ၂၀၀၂ ခုနှစ်ကတည်းက နေထိုင်သူ ဖြစ်ပြီး ခနောက်စိမ်း စက်ရုံ လည်ပတ်ပါက တခြား နေရာသို့ သွားရောက်၍ တိမ်းရှောင်နေရသည်ဟု သူက ပြောပြသည်။

“ဒီခနောက်စိမ်းအနံ့က ဘယ်လိုမှ ခံစားလို့မရတာ နှာခေါင်းပိတ်လည်း အနံ့က လည်ချောင်းထဲ ရောက်တာပဲ”ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ထပ်လောင်း ဆိုသည်။
ခနောက်စိမ်းစက်ရုံက ထွက်ရှိနေသည့် အနံ့များကြောင့် အထည်ချုပ် လုပ်ငန်းမှ အလုပ်သမား တချို့ အလုပ်ထွက်သွားသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

“သူများ စီးပွားရေးလုပ်တာပဲ ကျွန်မတို့လည်း သိပါတယ်၊ ဒီအနံ့က ဘယ်လိုမှ မခံနိုင်လို့ပါ ၊ဒီအနံ့ကို မခံနိုင်လို့ အလုပ်ကထွက်တဲ့သူတွေလည်း ရှိတယ် ဒီအလုပ်ကလွဲပြီး တခြားအလုပ်မရှိတဲ့သူကတော့ အနံ့ နံလည်း အောင့်ပြီး လုပ်ရတာပေါ့”ဟု ဒေါ်ခင်စန်းဝင်းက ဆိုသည်။

မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်း သတ္တုသန့်စင် စက်ရုံ ခြောက် ရုံ ရှိသည်။ ထို ခြောက် ရုံတွင် စက်ရုံ သုံး ရုံကိုသာ မွန်ပြည်နယ် အစိုးရအဖွဲ့က စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသည်။

စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသော စက်ရုံ သုံးရုံမှ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု (EMP) အစီရင်ခံစာ အပါအဝင် အစီရင်ခံစာ သုံးခု တင်သွင်းခဲ့သည့်အတွက် ၂၀၁၇ နှစ်ကုန်ပိုင်းမှ စ၍ စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထား ခြင်း ဖြစ်၏။
စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသော ခနောက်စိမ်း စက်ရုံများတွင် မြန်မာ ရှင်းရှင်း မက်တယ်၊ မြန်မာ ဆန်းဇော်၊ အရှေ့မြောက် ဆင်ဖြူတော် ခနောက်စိမ်း သတ္တု သန့်စင်ရုံတို့ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် လေစစ် ဇကာ တပ်ဆင်ရန် ရှိနေသည့် မြန်မာ ဆန်းဇော် ကုမ္ပဏီကတော့ ယာယီ ရပ်နား ထားသည်။
အဆိုပါစက်ရုံများနှင့် ဟင်္သာကမေးမြန်းခွင့်မရသေးသော်လည်း ခနောက်စိမ်း စက်ရုံမှ အနံ့ဆိုးများ ထွက်ရှိနေမှုကို မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက အခုလို မှတ်ချက်ပေးသည်။

“အနံ့ ထွက်တာတို့ မီးခိုးထွက်တာတို့က ဘယ်စက်ရုံက ဖြစ်တာလဲ ဆိုတာ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ၊ ကျွန်တော်တို့ အဲ့ဒီစက်မှုဇုန်မှာ နှစ်နာရီလောက် ထိုင်တဲ့အချိန်မှာ အနံ့က ၅ စက္ကန့်တောင် မရဘူး ၊ စက်မှုဇုန်ဆိုတော့ အနံ့ကတော့ စုံနေတာပေါ့၊ လေ ဖြတ်သွားတဲ့ စက္ကန့်ပိုင်းလောက်ပဲ အနံ့က ရတာ”ဟု ဆိုသည်။

ထို့ကြောင့် မည်သည့် စက်ရုံမှ ထိုအနံ့ ထွက်ရှိနေကြောင်းကို ပြည်သူများအနေဖြင့် ဝိုင်းဝန်း ဖော်ထုတ်ပေးရန်နှင့် အနံ့ထွက်သည့် စက်ရုံကို အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းပြောသည့် ခနောက်စိမ်းစက်ရုံမှ အနံ့မရသည့် အကြောင်းကို မော်လမြိုင် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်ဟောင်းလည်း ဖြစ်၊ စက်မှုဇုန် ဒေသခံလည်းဖြစ်သူ ဦးဖေဆန်းက ယခုလိုပဲ ပြောဆိုသည်။

“ဝန်ကြီးတွေကတော့ သူတို့လာတဲ့ အချိန် အနံ့မရဘူးပြောတယ၊် ဘယ်ရမလဲ သူတို့လာမယ်ဆိုတာသိပြီး စက်ရုံက ရပ်ထားတာကိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သူရဲ့ စက်နဲ့ တိုင်းတဲ့အချိန်မှာ အမြင့်ဆုံးရောက်တဲ့အချိန်လည်း ရှိတယ်၊ ပြန်ကျတဲ့အချိန်လည်း ရှိတယ် လို့ပြောတယ်”ဟု ဆိုသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က “ခနောက်စိမ်းစက်ရုံတွေရဲ့ မီးခိုးထုတ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းတာချက်တွေအရ ဆာလဖာဒိုင်အောက်ဆိုဒ်ကတော့ ခွင့်ပြုထားတာထက် ကျော်လွန်နေတာတွေ့ရတယ်၊ ဒါကလည်း အချိန်တိုင်းတော့မဟုတ်ဘူးပေါ့”ဟု ဆိုသည်။
ထိုသို့ စစ်ဆေးရာ၌ တွေ့ရှိချက်နှင့် အကြံပြုချက်များကို မွန်ပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာ ပေးပို့ထားကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အစိုးရအဖွဲသို့ တင်ပြထားသည့် အစီရင်ခံစာတွင် ခနောက်စိမ်းစက်ရုံ၏ ထုတ်လွှတ် အခိုးအငွေ့ တိုင်းတာမှုရလဒ်အရ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) ထက်ကျော်လွန်မှု မဖြစ်ပေါ်စေရေး ထိန်းချုပ်ကိရိယာများ ဝယ်ယူတပ်ဆင်လျက် စောင့်ကြပ်ကြည့်ရှုစစ်ဆေးမှု အစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ရန်နှင့် သတင်းအချက်အလက် ထုတ်ပြန်ဆောင်ရွက်ရန် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်အနေဖြင့် EMP ရေးဆွဲခဲ့သော တတိယအဖွဲ့အစည်းများအား ဖိတ်ကြား၍ စက်ရုံ၏ ထုတ်လွှတ်မှု နည်းစဉ်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်မှု အခြေအနေများကို ဒေသခံများထံ တင်ပြရန်နှင့် အကြံပြုချက်ရယူရန် တို့ပါဝင်သည်။

တဆက်တည်း စက်ရုံ၏ တည်နေရာနှင့် လေတိုက်နှုန်းအခြေအနေများအရ ထုတ်လွှတ်အခိုးအငွေ့များ စက်မှုဇုန်အနီး ပတ်ဝန်းကျင်ရှိ လူနေအိမ်ခြေများသို့ ပျံ့န့ှံရော က်ရှိမှု မဖြစ်ပေါ်စေရေးအတွက် လူနေအိမ်ခြေများနှင့် လွတ်ကင်းသည်အထိ မီးခိုးခေါင်းတိုင်အမြင့် ထပ်မံအဆင့်မြှင့်တင်ရန် တို့ ဖြစ်သည်။
ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက သဘာဝ ပတ်ဝန်းကျင်ဦးစီးဌာနက ပေးပို့လာသည့် အစီရင်ခံစာကို ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြထားပြီး ဝန်ကြီးချုပ် မှတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ဇွန် ၁၅ တွင် ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

လက်ရှိမွန်ပြည်နယ် အစိုးရအဖွဲ့က စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသော ခနောက်စိမ်း စက်ရုံများသည် ယခင် ဝန်ကြီးချုပ် ဦးအုန်းမြင့် လက်ထက် ဒေသခံများ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ပိတ်သိမ်းထားသည့် စက်ရုံများဖြစ်သည်။
ထိုသို့ ပိတ်သိမ်းခဲ့သည့် ဖြစ်စဉ်ကို လူထု ရွေးကောင်တင်မြှောက်သည့် အစိုးရလက်ထက်တွင် မည်သည့် အကြောင်းကြောင့် လုပ်ကိုင်ခွင့် ပေးအပ်ခြင်းကို နားမလည် နိုင်ဖြစ်ရသည်ဟု ဦးဖေဆန်းက ပြောဆိုသည်။

“ယခင်အစိုးရလက်ထက်က သူတို့မှားတဲ့အမှားကို သူတို့တာဝန်ယူပြီး သူ့ သက်တမ်းအတွင်းမှာပဲ ပြန်ပိတ်သွားတယ်။ ဘာဖြစ်လို့ ပြည်သူကတင်မြောက်တဲ့အစိုးရလက်ထက်မှာ ဒီလိုမျိုးပြန်ခွင့်ပြုတယ်ဆိုတာ တော့ မသိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ စမ်းသပ် လည်ပတ်ခွင့် ပေးအပ်ထားသော ခနောက်စိမ်း စက်ရုံတို့၏ စမ်းသပ်ကာလမှာလည်း အပိုင်အခြား သတ်မှတ်ထား ခြင်းလည်း မရှိပေ။
ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက စက်ရုံများကို စမ်းသပ်လည်ပတ်ခွင့် ပေးထားပြီး စမ်းသပ် လည်ပတ်အချိန်၌ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များအတွက် ကုမ္ပဏီကို ပြန်လည် ပြင်ဆင်ရန် ညွှန်ကြားသွားမည်ဟု ဆိုသည်။
မည်သို့ပင် ဖြစ်စေ မော်လမြိုင် စက်မှုဇုန်တွင် လည်ပတ်နေသော ခနောက်စိမ်း စက်ရုံများကို ပိတ်သိမ်းပေးရန် မေ ၄ ရက်တွင် ဒေသခံများက အစိုးရထံ တောင်းဆိုထားသည်။
“ဒီခနောက်စိမ်းစက်ရုံ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးက ဝေ့လည်ကြောင်ပတ်လုပ်နေကြတယ် အစိုးရကလည်း လွဲမှားတဲ့စီမံခန့်ခွဲမှုတွေပြုလုပ်တယ်လို့ ကျွန်တော်စွပ်စွဲတယ်”ဟု ဦးဖေဆန်းက ပြောသည်။
ထိုဖြစ်စဉ် အားလုံးအတွက် စက်မှုဇုန် ဒေသခံ ဦးသိန်းဇံ အပါအဝင် ဟင်္သာမီဒီယာ တွေ့ဆုံ မေးမြန်းထားသည့် ဒေသခံ ခြောက် ဦးက အခုလို မှတ်ချက်ပြုလိုက်သည်။
“စက်ရုံ ပိတ်သိမ်းပေးဖို့ မတောင်းဆိုချင်ဘူး၊ သူတို့ ဘယ်လိုနည်းနဲ့ပဲ လုပ်လုပ် အနံ့မထွက်ရင် ရပြီ”ဟူ၍။
ဟိန်းထက်

Advertisements
<

Leave a Reply