မော်လမြိုင် ၊ဖေဖော်ဝါရီ ၂၉ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ စီမံကိန်းအချို့ကို ရပ်ဆိုင်းထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ဟင်္သာမီဒီယာသို့ပြောသည်။

“ မွန်ပြည်နယ်မှာ ပြည်နယ်က ပြည်ထောင်စု အစိုးရကိုတင်ပြထားတဲ့လုပ်ငန်း နှစ်ခုနဲ့ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်ထားတဲ့ ဘီးလင်းသကြားစက်ရုံကို ယာယီအနေနဲ့ဆိုင်းငံ့ထားပါတယ်၊ ဒါ့အပြင် အစိုးရကိုမတင်ဘဲ စည်ပင်သာယာက လုပ်မယ့်လုပ်ငန်း သုံးခုကိုလည်း ရပ်ဆိုင်းထားပါတယ်” ဟု ဒေါက်တာ တိုးတိုးအောင်က ပြောသည်။

ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရ ထံသို့တင်ပြထားသည့် စီမံကိန်းများအနက်မှ မုဒုံမြို့နယ် အဝေး ပြေးဂိတ် ယာဉ်ရပ်နားစခန်း တည်ဆောက်နေသည့် စီမံကိန်းနှင့် နိုင်ငံခြား ဖက်စပ်လုပ်ကိုင်နေသည့် အတ္တရံမြစ်ရေကို သန့်စင်၍ BOT စနစ်ဖြင့် ရေဖြန့်ဝေမည့်လုပ်ငန်းနှစ်ခုကိုရပ်ဆိုင်းထားကြောင်း ဒေါက်တာ တိုးတိုးအောင်က ဆိုသည်။

ထို့ပြင် မွန်ပြည်နယ်စည်ပင်သာယာဌာနမှ လုပ်ကိုင်နေသည့် မန္တလေးရပ်ကွက် သစ်ပုံဆိပ်အိမ်ရာစီမံကိန်း၊ မော်လမြိုင် ဟိုတယ်များ အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ဘိုကုန်းရပ်ရှိ အထပ်မြင့်ဟိုတယ် စီမံကိန်းတို့ကိုလည်း ဆိုင်းငံ့လိုက်ကြောင်း ၎င်းကပြောသည်။

“အခုလုပ်ရင်လည်း အစ အဆုံးပြီးမှာ မဟုတ်ဘူးလေ၊ ပြည်နယ်အစိုးရက အားလုံးစီစဉ်ဆောင်ရွက်ထားပြီးလို့ စာချုပ်ချုပ်ဖို့ ကျန်တော့ အခုမှအားချင်းလုပ် ရင် နောင်အစိုးရက စိစစ်ဖို့အခက်အခဲဖြစ်နိုင်တဲ့အတွက် ရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ရပ်ဆိုင်းလိုက်ရသည့် အကြောင်းအရင်းကို ပြောသည်။

မွန်ပြည်နယ်တွင် လုပ်ကိုင်ထားသည့် စီမံကိန်းများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြထားသည့်အတွက််ကြောင့် နောင်တက်လာမည့် အစိုးရအနေဖြင့် မှတ်တမ်းများအပေါ်မူတည်ပြီး ဆက်လက်လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောသည်။

Leave a Reply