မွန်ပြည်နယ် ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တွေ့ဆုံခြင်း

“လစ်ဟာမှုတွေများနေဆဲ မွန်ပြည်နယ်ခရီးသွားလုပ်ငန်း”

မွန်ပြည်နယ်၏ ခရီးသွား လုပ်ငန်းမှာ ယမန်နှစ်ထက် နှိုင်းယှဉ်ပါက ခရီးသွား ဝင်ရောက်မှု များစွာ လျော့ကျခဲ့သည်။ လက်ရှိ မွန်ပြည်နယ်၏ ခရီးသွား လုပ်ငန်း အခြေအနေ အပါအဝင် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်၊ အကြံပြုချက်များ၊ ဖော်ဆောင်သင့်သော နေရာတို့နှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဧည့်လမ်းညွှန်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တွေ့ဆုံ မေးမြန်းမှု အချို့ကို ဟင်္သာမီဒီယာက ကောက်နုတ် ဖော်ပြလိုက်ပါသည်။

 

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်နယ် ခရီးသွားလုပ်ငန်းရဲ့ လက်ရှိအခြေအနေကို သုံးသပ်ပေးပါဦး။

ဦးမျိုးမင်း ။ ။ ဒီနှစ်က မနှစ်ကနဲ့ယှဉ်ရင် တော်တော်ကျဆင်းနေတယ်။ ဧည့်သည်တွေ ထက်ဝက်လောက်နီးပါး ကျသွားတယ်။ ကျွန်တော်တို့က package ကို ကိုင်တယ်။ သဘောက ရန်ကုန်မှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေနှင့် ချိတ်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို လှည့်လည်ပို့ဆောင်ပေးတယ်။ package အဝင်က ထက်ဝက်လောက် ကျသွားတယ်။ မနှစ်ကဆို ဒီလိုလတွေဆို အပြည့်ပဲ။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ အပြည့်ပဲ။ အခု ကျနေတာက ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ဒီတလောတော့ ကျနေတယ်။

ဟင်္သာမီဒီယာ ။ ။ ဒီလို ခရီးသွား ကျဆင်းရတာ အဓိက ဘာကြောင့်လို့ ထင်ပါသလဲ။

ဦးမျိုးမင်း ။ ။ ကျွန်တော့်အမြင်က နိုင်ငံရေးပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးမတည်ငြိမ်ရင် ခရီးသွားလုပ်ငန်း ထိခိုက်တာပဲ။အကြောင်းရင်းကတော့ အများကြီးရှိတယ်။ အဓိကတော့ နိုင်ငံရေးပေါ့။ တစ်ဖက်နိုင်ငံမှာ ဖြစ်နေတဲ့အမြင်တွေက မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်တို့၊ အများကြီး ပြဿနာဖြစ်နေတယ်တို့ အဲဒါတွေကို ဝင်လာတဲ့အခါကျမှ ကျွန်တော်တို့က ရှင်းရတယ်။

လူကြီးမင်းတို့လာတဲ့နေရာသည် အခုကျွန်တော်တို့ မွန်ပြည်နယ် အားလုံးအေးချမ်းနေတယ်။ အဲလိုမျိုးပေါ့နော်။ သူတို့ကို သေချာပြရတယ်။ သူတို့ကတစ်ဆင့်ပေါ့နော် ကျွန်တော်တို့ နိုင်ငံသည် အေးချမ်းပါတယ် ငြိမ်းချမ်းပါတယ်။ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် ပြဿနာကလွဲရင်၊ ကချင်မှာ တိုက်ပွဲနည်းနည်းကလွဲရင် ကျန်တဲ့နေရာမှန်သမျှဟာ လုံခြုံတယ် အေးချမ်းတယ် အဲလိုမျိုးတွေ ရှင်းပြပေးရတယ်။ ဒါပေမယ့် သူတို့ဘက်မှာ အနောက်ဥရောပက ဧည့်သည်တွေအမြင်က တစ်မျိုးကြီးဖြစ်နေတယ်။ အဲဒါတွေ ရိုက်ခတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ခရီးသွားလုပ်ငန်း ထိခိုက်နေတယ်။

ဟင်္သာမီဒီယာ ။ ။ တခြား အကြောင်းရင်းတွေများ ရှိပါသေးလား။

ဦးမျိုးမင်း ။ ။ နှိုင်းယှဉ်မယ်ဆိုရင်တော့ မွန်ပြည်နယ်မှာ ခရီးသွားနေရာတွေ ဖွံ့ဖြိုးမှု အများကြီးလိုသေးတယ်။ နေရာတစ်ခု ဖော်ထုတ်ထားတယ် အကောင်အထည် မဖော်နိုင်တာ အများကြီး။ ဥပမာဆိုရင် နွားလပို့တောင် ဖော်ထုတ်ထားတယ်။ သွားလို့အဆင်မပြေဘူး။ တောင်ပေါ်တက်ဖို့ ကားစီးလို့မရဘူး။ ကားကို နေ့လယ် ၁၁ နာရီအထိ တစ်စီးပဲရှိတယ်။ အဲဒီတစ်စီးတောင်မှ ဧည့်သည်မပြည့်ဘူးဆိုရင် စင်းလုံးငှားရတယ်။ နေရာအသစ်တွေ ဖော်ထုတ်ထားတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အခုထပ်ဖော်ထုတ်ထားတယ် ကဗျာဝ။ သံဖြူဇရပ်မှာ ဧည့်သည်တွေ အိပ်ခွင့်မရှိဘူး။ ရေးမှာပဲ အိပ်ခွင့်ရှိတယ်။ ရေးကနေတစ်ဆင့် ကမ်းခြေကိုသွားရတယ်။ ရေးဘက်ခြမ်းဆိုရင် လုံခြုံရေး သိပ်မကောင်းဘူး။ ဒါပေမယ့် ဧည့်သည်တွေကို ပြောလို့မရဘူးလေ။ ကဗျာဝမှာ ကမ်းခြေရှိပေမယ့် ကမ်းခြေမှာ အိပ်လို့မရဘူး။ ရေးမှာ ပြန်အိပ်ရတယ်။

ဟင်္သာမီဒီယာ ။ ။ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ဘယ်လိုနေရာတွေ ထပ်ပြီးဖော်ထုတ်သင့်လဲ။ ဘာတွေလိုအပ်နေသေးလဲ။

ဦးမျိုးမင်း ။ ။ ကျွန်တော်တို့မှာ ရှိပြီးသားပဲ။ ဒါပေမဲ့ ဒီပြည်နယ်အစိုးရနှင့် ဟိုတယ်ခရီးက tourism ကို အားပေးမှုမရှိဘူးလို့ မြင်တယ်။ ဥပမာအားဖြင့် ဧည့်လမ်းညွှန်တွေ အများကြီးမွေးထုတ်ထားတယ်။ လိုင်စင်ကိုင်ထားတယ်။ ဒါပေမဲ့ တကယ်တမ်း အလုပ်လုပ်နေတာ ၁ဝ ယောက်ပဲရှိတယ်။ ကျန်တဲ့ လေးနှစ်က မွေးထားတာရော ဒီနှစ် ၂ နှစ်နီးပါး အားလုံး ၁ဝဝ ကျော်ရှိတယ်။ အလုပ်လုပ်နေတာ ၁ဝ ယောက်ပဲရှိတယ်။ အဲလိုမျိုး ဖြစ်နေတယ်။ အားပေးမှုဆိုတာ ထောက်ပံ့မှုတွေလည်းမရှိဘူး။ ငါတို့ ဘာတွေ ဘာတွေလုပ်ထားတယ်။ ကျွန်တော်တို့ ဆက်ဆံနေရတာ နိုင်ငံခြား ရုံးတွေရှိတယ်။ အင်တာနက်ကတစ်ဆင့် နိုင်ငံခြား ဝက်ဘ်ဆိုက်တွေမှာ ကျယ်ပြန့်ဖို့ ဂိုက်တွေကတစ်ဆင့် မိတ်ဆက်ပေးရတယ်ပေါ့နော်။ ကျွန်တော်တို့ အသင်းသာ ဖွဲ့စည်းထားတာ ထောက်ပံ့မှုလည်းမရှိဘူး။ ဖွံ့ဖြိုးမှု အများကြီး လိုနေသေးတယ်။ ဆွေးနွေးပွဲတွေ လုပ်ပေးသင့်တယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ဘာတွေ လိုအပ်နေလဲ။ အထောက်အပံ့တွေတော့ အများကြီးလိုတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့က သူတောင်းစားလို သွားတောင်းနေလို့ မဖြစ်ဘူးလေ။ မတောင်းဆိုတော့ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ သွားနေကြတဲ့ သဘောမျိုးဖြစ်နေတယ်။

ဟင်္သာမီဒီယာ ။ ။ တခြားပြည်နယ်၊ တိုင်းတွေနဲ့ နှိုင်းယှဉ်ရင် မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်းအားပေးမှု ဘယ်လောက် အတိုင်းအတာရှိပါသလဲ။

ဦးမျိုးမင်း ။ ။ ဟုတ်ကဲ့ အဲဒါလည်း နှိုင်းယှဉ်ချင်တယ်။ အခုကျွန်တော်တို့ အလုပ်လုပ်နေတာ မွန်ပြည်နယ်တစ်ခုတည်းမဟုတ်ဘူး။ တနင်္သာရီတိုင်းဘက်လည်းဆင်းတယ်။ ဘားအံဘက်လည်းဆင်းတယ်။ ကျွန်တော်လိုင်စင်ကိုင်ထားတာ National Guide လို့ခေါ်တယ်။ တခြား ကျွန်တော်တို့မှာ Regional Guide ဆိုတာ မွန်ပြည်နယ်အတွင်းပဲ သွားလို့ရတဲ့ ဂိုက်လည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော့်ဇာတိက မွန်ပြည်နယ် မော်လမြိုင်မြို့ ဖြစ်တဲ့အတွက် ကျွန်တော်က ဒီမှာပဲ ထိုင်တာပေါ့။ ဒါပေမယ့် တကယ်အလုပ်လုပ်နေရတာက ဘားအံလမ်းကြောကို အဓိကထားနေရတယ်။ ဘားအံမှာဆိုရင် နယ်မြေလမ်းခရီးဟာ အရမ်းလှပတဲ့ ဂူတွေနဲ့ ဝန်းရံထားတယ်။ နှိုင်းယှဉ်ကြည့်တဲ့ အခါကျတော့ ကရင်ပြည်နယ် ဘားအံကို သူတို့ အရမ်းသဘောကျကြတယ်။

ပြီးတဲ့အပြင်ကို တနင်္သာရီတိုင်းဘက်မှာဆိုရင် ကမ်းခြေတွေရှိတယ်။ အရမ်းလှတယ် ဈေးတော့ကြီးတယ်။ သန္တာကျောက်တန်းတွေ ကြည့်ဖို့အတွက် တနင်္သာရီတိုင်းကို သွားကြပြန်ရော။ မွန်ပြည်နယ်ကို လာခဲ့တဲ့ဧည့်သည်တွေက အဓိက ဘာလာကြည့်လဲဆိုတာ အပွင့်လင်းဆုံးပြောရရင် အင်္ဂလိပ်လက်ထက်က ကိုလိုနီ အဆောက်အဦတွေ။ ကျွန်တော်တို့ အခေါ်တော့ Small England ပေါ့။ အင်္ဂလန်မြို့လေးလို သူတို့ သတ်မှတ်တယ်လေ။ အဲဒီအပိုင်းလောက်ပဲ မွန်ပြည်နယ် မော်လမြိုင်မြို့ကို လာလေ့လာကြတာ။ transit လိုပေါ့နော်။ သူတို့လာမယ် မော်လမြိုင်မှာနေမယ် ဒါပေမယ့် ဘားအံကို သွားလည်မယ်။ တနင်္သာရီတိုင်းဘက်ကို ဆင်းသွားမယ်။ အဲလိုမျိုးဖြစ်နေတယ်။ ဆွေးနွေးမှုတွေ လုပ်ပေးဖို့ လိုတယ်ပေါ့နော်။ ယာဉ်လိုင်းတွေ၊ tour guide တွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ တွေ့ဆုံတာ မွန်ပြည်နယ်မှာမရှိဘူး ။ နှိုင်းယှဉ်ကြည့်ရင် ဘားအံက ပိုသာတယ်။

ဟင်္သာမီဒီယာ။ ။ မော်လမြိုင်က ရှေးဟောင်း အဆောက်အဦတွေကို လေ့လာတဲ့နေရာမှာ နိုင်ငံခြားသား ဧည့်သည်တွေရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိပါသလဲ။

ဦးမျိုးမင်း ။ ။ ရှေးဟောင်း ကိုလိုနီအဆောက်အဦအများစုကို အစိုးရက ထိန်းချုပ်ထားတယ်။ ပြည်နယ်အစိုးရရယ် ပြည်နယ်တပ်ပိုင်းဆိုင်ရာတို့ ကျောင်းတို့ ကိုလိုနီအဆောက်အဦတွေ အဲဒါမျိုးတွေက အများကြီး လေ့လာချင်တဲ့နေရာတွေပေါ့။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ဝင်ခွင့်မရဘူး လေ့လာလို့မရဘူး။ အဝေးကနေ ဓာတ်ပုံလေးပဲရိုက်ခွင့်ရတယ်။ အဲဒါဟာ အဆိုးဆုံး အားနည်းချက်ပဲ။

ဥပမာအားဖြင့် မြို့ထဲမှာ City Tour လေး၊ လမ်းလျှောက်တဲ့ Walking Tour လေးလုပ်ကြတယ်။ လုပ်တဲ့အခါမှာ ကိုလိုနီခေတ် အဆောက်အဦတွေ စပြတယ်။ စင်ဒရဲလား ဟိုတယ်ကနေစပြီး အရင်ဆုံး အစိုးရ အဆောက်အဦရှိတယ်။ နာရီစင်ရှိတယ်။ Edward VII ဆိုတဲ့ ဗြိတိသျှဘုရင်ကို ဂုဏ်ပြုတဲ့အနေနှင့် ဆောက်ပေးထားတဲ့ နာရီစင်ကြီးရှိတယ်။ ၁၉၁၂ ခုနှစ်က ဆောက်ထားတာ။

ဒါပေမဲ့ အဲဒီထဲမှာ ရေးထားတဲ့ စာသားတွေကို ခြံစည်းရိုးရဲ့ နည်းနည်းဝေးဝေးကနေ ဓာတ်ပုံရိုက်ခွင့်ရှိတယ်။ ကျောက်ပြားနဲ့ ရေးထားတာ။ အထဲဝင်လို့မရဘူး။ နည်းနည်းလေး နီးလာတာနဲ့ ရဲက မောင်းထုတ်တယ်။ ကျွန်တော်တို့က အစိုးရ လိုင်စင်ကိုင်ထားပေမယ့် ကျွန်တော်တို့ကိုယ်တိုင် မောင်းထုတ်ခံရတယ်။ ဒါက မဖြစ်သင့်တဲ့ အရာပေါ့နော်။

ဟင်္သာမီဒီယာ ။ ။ ရန်ကုန်မြို့မှာဆိုရင်ရော ကိုလိုနီအဆောက်အဦတွေ လေ့လာဖို့ အခက်အခဲရှိလား။

ဦးမျိုးမင်း ။ ။ ရန်ကုန်မှာဆို မြို့တော်ခန်းမရှိတယ်။ တခြား ကိုလိုနီအဆောက်အဦတွေ အများကြီးရှိတယ်။ မော်လမြိုင်ကို အင်္ဂလိပ်ဝင်တာ ၁၈၂၇ ခုနှစ်ကနေ ၁၈၅၃ အထိပေါ့နော်။ ၁၈၅၃ နောက်ပိုင်းမှသာ ရန်ကုန်ပ သူတို့ရဲ့ မြို့တော်ကြီးဖြစ်သွားတာ။ အဆောက်အဦတွေက ၂ဝ ရာစု အဆောက်အဦတွေ ဖြစ်သွားပြီ။ အဲဒီမှာတော့ အနီးကပ်သွားကြည့်လို့ရတယ်။ သေချာဓာတ်ပုံရိုက်လို့ရတယ်။ တခြား ကိုလိုနီအဆောက်အဦတွေ ဝန်ကြီးရုံးတွေ သေချာ ဓာတ်ပုံရိုက်လို့ရတယ်။ မော်လမြိုင်မှာ ရိုက်ခွင့်မပေးဘူး။ နောက် သစ်တောရုံးလည်း ဒီလိုပဲ။ ပထမပိုင်းက ဝင်ခွင့်ရတယ်။ နောက်ပိုင်း ကန့်သတ်မှုတွေ လုပ်လာတယ်။ သစ်တောရုံးဆိုရင် ၁၈၉၇ ခုနှစ်က ဆောက်ထားတာပေါ့နော်။ အဲလိုမျိုး ဂိုက်တွေမှာ လုပ်ရကိုင်ရ ခက်တာပေါ့နော်။ လိုင်စင်ပြုတ်သွားမှာလား အပြစ်ပေးခံရမှာလား စိုးရိမ်ကြပြီး တော်ရုံတန်ရုံ ဝင်ပြလို့မရတဲ့ အပိုင်းတွေရှိတယ်။ အားနည်းချက်လေးတွေ ပေါ်လာတယ်။

ဟင်္သာမီဒီယာ။ ။ ရှေးဟောင်းအဆောက်အဦတွေနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လိုလုပ်သင့်တယ်ထင်သလဲ။

ဦးမျိုးမင်း။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဓာတ်ပုံရိုက်တယ်ကွာ။ ဖောက်ခွဲဖို့လည်း မဟုတ်ဘူး။ ဖျက်ဆီးဖို့လည်း မဟုတ်ဘူး။ သူတို့က လှပတဲ့ ကိုလိုနီခေတ်အဆောက်အဦတွေကို ထိန်းသိမ်းထားနိုင်တာကိုပဲ အရမ်းသဘောကျနေပြီ။ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ကို ဝင်ခွင့်ပေးမယ်၊ သေချာလေး ဓာတ်ပုံရိုက်ခွင့်ပေးမယ်ပေါ့။ ပြောချင်တာက အဆောက်အဦအတွင်းထဲကို ပေးမဝင်ရင်တောင် ဝင်းထဲကို ဝင်ခွင့်ပေးမယ်။ ဓာတ်ပုံရိုက်ခွင့်ပေးမယ်။ အဆောက်အဦရဲ့ သမိုင်းကြောင်းကို ရှင်းပြရတယ်။ ကျွန်တော်တို့က ရှင်းပြနေတဲ့အချိန် သူတို့က သေချာဓာတ်ပုံတွေရိုက်လို့ရမယ်ဆိုရင် သူတို့က အရမ်းကို ကျေနပ်သွားပြီ။ ပြီးရင် ပျံနှံသွားရော တစ်ယောက်သိမယ်။ နောက်တစ်ယောက်သိမယ်ဆိုရင် ကျွန်တော်တို့ မွန်ပြည်နယ် မော်လမြိုင်မှာ ဧည့်သည်တွေ တော်တော်များများဝင်လာအောင် ဆွဲဆောင်နိုင်မှာပါ။ အဲလိုမြင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်တစ်ခုလုံးမှာ စားသောက်ဆိုင်၊ ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုနဲ့ သန့်ရှင်းမှုအပိုင်းကို ဘယ်လိုမြင်လဲ။

ဦးမျိုးမင်း။ ။ အခုမှ ကျွန်တော်မြင်တာပေါ့။ ကမ်းနားလမ်းကို တူးဆွပြီးတော့ အမှိုက်တွေ သိမ်းကျုံးနေတာ။ လက်ရှိလုပ်နေတာပေါ့။ ဟိုတုန်းကဆို တော်တော်အမှိုက်တွေ ပွနေတာ။ ကျွန်တော်တို့တွေက မော်လမြိုင်တစ်ခုတည်းကို အဓိကထားလို့မရဘူး။ ကျန်တဲ့မြို့နယ်တွေမှာလည်း လှတာတွေ အများကြီး။ ကျိုက်မရောတို့ဆိုရင်လည်း တော်တော်လှတယ်။ ဒါပေမဲ့ အများဧရိယာလို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ကျိုက်မရောဘက်ကို ကျွန်တော်တို့ ဧည်သည်တွေကို ခေါ်ဆောင်သွားတဲ့အခါ ဘုရားတစ်ခုကလွဲပြီး ကျန်တဲ့နေရာတွေ သွားလို့မရဘူး။

ဘယ်လိုကွာနေလဲဆိုရင် မွန်ပြည်နယ်မှာ တချို့အပိုင်းတွေ သွားလို့မရတဲ့နေရာတွေရှိတယ်။
ပြည်ထဲရေးက ထုတ်ပြန်ထားတဲ့ ကန့်သတ်နယ်မြေတွေပေါ့နော်။ အခုကတော့ အေးချမ်းသွားပြီ။ တိုက်ခိုက်မှုတွေ မရှိတော့တဲ့အခါကျတော့ ပြည်ထဲရေးက ထုတ်ပြန်ထားတဲ့ ကန့်သတ်နယ်မြေတွေကို ပြန်ပြီး ပယ်ဖျက်ပေးသင့်တယ်။

အဲလိုလုပ်မှပဲ ဟိုတယ်နဲ့ ခရီးသွားက ပိုကောင်းလာမှာလေ။ ကျိုက်မရောမှဆို ရေပူစမ်းတို့၊ နောက် ချောင်းနှစ်ခွတို့ဆို ကန့်သတ်ဧရိယာလို့ သတ်မှတ်ထားတယ်။ အဲဒီတော့ နိုင်ငံခြားသားက သွားရမလား၊ မသွားရဘူးလား။ စဉ်းစားရကျပ်တာပေါ့။ သွားမယ်ဆိုရင်လည်း ပြည်ထဲရေးက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေဖြစ်နေတယ်။ ဟိုတယ်နဲ့ ခရီးကတော့ သွားပါ၊ လွတ်လွတ်လပ်လပ်သွားပါလို့ ပြောနေတော့ ဘယ်ဟာကို ယုံရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။
ဝန်ကြီးဌာနတွေကြားမှာ ညှိနှိုင်းမှုတွေ အများကြီး လုပ်သင့်တယ်။ နောက်ပြီးတော့ ကျိုက္ခမီ၊ စက်စဲဘက်။ ရေး၊ ကဗျာဝ၊ အပေါ်ပိုင်းမှာဆို သထုံ သုဝဏ္ဏဘူမိပေါ့။ ကျိုက်ထီးရိုးကတော့ ပြောစရာမလိုဘူး။ တော်တော်ဖွံ့ဖြိုးတယ်။ အမှိုက်တွေကတော့ တော်တော်များတယ်။ အဲလိုပြဿနာတွေရှိတယ်။ မွန်ပြည်နယ်မှာက သွားစရာတွေက အများကြီး။ တချို့တွေက ကန့်သတ်နယ်မြေတွေ၊ တချို့တွေက သွားရခက်ခဲနေတာတွေရှိတယ်။

ဟင်္သာမီဒီယာ။ ။ အစိုးရ အနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဦးမျိုးမင်း။ ။ လုပ်လို့ရတာတော့ ရှိတယ်။ ကျွမ်းကျင်တဲ့သူတွေကို ခေါ်လိုက်။ ကျွန်တော်တို့ဆို ဂိုက်ပိုင်းကျွမ်းကျင်တယ်။ အဲလိုပဲ ပို့ဆောင်ရေး ကျွမ်းကျင်တဲ့သူတွေ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကိုခေါ်လိုက်။ အုပ်ချုပ်ရေးပိုင်းက လူတွေကိုလည်း ခေါ်လိုက် ပြီးရင် တစ်ထိုင်တည်းမှာ အားမနာတမ်း ပြောကြမယ်ဆိုရင် အရမ်းပြောင်းလဲသွားနိုင်တယ်။ ၂ဝ၁၉မှာဆို ကျွန်တော်တို့ နှစ်ဆမျှော်လင့်တယ်။ ဒီနိုင်ငံကြီးကို မြင်သွားပြီဆိုရင် နှစ်ဆ ဝင်လာမယ်။

အဲဒီအတွက်ကို ဂိုက်တွေတောင် အဆင်သင့် မဖြစ်မှာ စိုးရိမ်နေတာ။

ဟင်္သာမီဒီယာ။ ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဦးမျိုးမင်း။ ။အမှန်တိုင်းဆို ဂိုက်တွေ အများကြီးမှာ စီနီယာကျတဲ့ ဂိုက်တွေလောက်ပဲ ဧည့်သည်တွေရှိတယ်။ တချို့တွေကျတော့ ဧည့်သည်တွေ မရှိတဲ့အတွက် အလုပ်တွေ ပြောင်းကုန်ကြပြီ။ ဆယ်ယောက်ထဲမှာတောင် လေးယောက်ပဲ လုပ်နိုင်တော့တယ်။ ခြောက်ယောက်လောက်က အလုပ်ပြောင်းချင်နေပြီ။ သူတို့အတွက် တောင့်ခံနိုင်တာကတော့ ၂ဝ၁၉ပေါ့။ အပေါ်ပိုင်းက အစည်းအဝေးတွေ မလုပ်ပေးဘူး။ဆွေးနွေးမှုတွေ၊ ထောက်ပံ့မှုတွေ မရှိရင် နောက်ထပ် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ လိုချင်တာတော့ အစည်းအဝေးပေါ့ လုပ်သာလုပ် လိုက်တယ် အကောင်အထည်မပေါ်လာဘူး။ နောက်တစ်ခု ထပ်လာတယ်။ အဲလို မဖြစ်လာဘူးပေါ့နော်။ အကောင်းဆုံး Feedback ကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ လာလုပ်သွားတဲ့ IMO ပေါ့နော်။ သူတို့က မွန်ပြည်နယ် ခရီးသွားလုပ်ငန်းမှာ ဘာတွေ လိုအပ်ချက်ရှိတယ်။ ဘာတွေလုပ်ရင် တိုးတက်ဖို့ရှိတယ်ဆိုတာ အဲဒါကို ကွင်းဆင်းစစ်ဆေးမှုတွေ စစ်တမ်းတွေ လာလုပ်သွားတယ်။ အဖွဲအစည်းတွေ အကုန်ခေါ်ပြီး လုပ်သွားတာ။ အင်္ဂလိပ်လို စာအုပ်လေး ထုတ်ထားတယ်။ အဲဒါအပြင် ကျွန်တော်တို့ကို မြန်မာစာအုပ်ထုတ်ထားပေးတယ်။

ပြောချင်တာက မွန်ပြည်နယ်ခရီးသွားလုပ်ငန်းတိုးတက်ဖို့ကို ILO အဖွဲ့တွေက လာပြီးတော့ ကူညီထောက်ပံ့ပေးထားတယ်။ အစိုးရကို တိုက်တွန်းထားတာပေါ့။ အစိုးရက Follow up လိုက်ရုံပဲ။ သူတို့ ပေးထားတဲ့အထဲမှာ ဘာတွေအားနည်းတယ်။

ဘယ်လို လုပ်ငန်းတွေဆောင်ရွက်သင့်တယ်၊ ဘယ်လိုလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းသင့်တယ်ဆိုတာ သူတို့က အများကြီး ဖော်ပြထားတယ်။ ဟိုတယ်ခရီးကိုလည်း ပို့ထားတယ်။ ကျွန်တော်တို့ဆီလည်း ပို့ထားတယ်။ အဲဒါကိုကျွန်တော်တို့ ပြည်နယ်အစိုးရက အကောင်အထည်ဖော်လိုက်ရုံပဲ။

အဲလိုအကောင်အထည်ဖော်လိုက်ရင် ကျွန်တော်တို့ မွန်ပြည်နယ်မုချဧကန်ကို တခြားပြည်နယ်တွေထက်သာသွားမယ်။ ကျွန်တော်ပြောချင်တာကတော့ ဒါပါပဲ။ ကွင်းဆင်းစစ်ဆေးတာ၊ သုတေသနပြုတာတွေ လုပ်ပြီးသွားပြီ၊ ပြည်နယ်အစိုးရက အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တာပါ။ ပြည်နယ်အစိုးရက ဒီစာအုပ်လေးကို ကိုင်လိုက်ရုံပါပဲ။

ဟင်္သာမီဒီယာ။ ။ လက်ရှိပြည်နယ်အစိုးရ အကောင်ထည်ဖော်မှုအပိုင်းမှာ အားနည်းနေတာလား။

ဦးမျိုးမင်း။ ။ ဟုတ်တယ်။ အားနည်းတယ်။ နိုင်ငံခြားခရီးသွားလုပ်ငန်းကို လုံးဝလှည့်မကြည့်ဘူးလို့ကို မြင်တယ်။ သူရဲ့ အခြား ပရောဂျက်တွေကို သွားနေတာ အဲဒီမှာ ရော်ဘာပေါ့။ တခြားအပိုင်းတွေပေါ့။ ခရီးသွားလုပ်ငန်းကို လှည့်ကိုမကြည့်တာ။ တကယ်လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့မှာ အဖွဲ့အစည်းရှိပြီးသားလေ။ အဲဒီအဖွဲ့အစည်းကို အစည်းအဝေးခေါ်လိုက်ရုံပဲ။ အမိန့်တစ်ခု ပေးလိုက်ရုံပဲ။ မင်းတို့လာတွေ့

ငါဘယ်လိုလုပ်ချင်တယ်ဆိုတာပဲ ပြောလိုက်၊ ကျွန်တော်တို့ တိုင်ပင်ပြီး လုပ်ရုံပဲ။ လွယ်လွယ်လေးပါ လုပ်ချင်ရင် လွယ်လွယ်လေးပါ။

ထိုက်ထိုက်၊ စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.