မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ် FLEGT သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ မော်လမြိုင် – သထုံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး အအပေါ်ထပ် အစည်းအဝေးခန်းမ၌ ယနေ့ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် သဘောတူညီချက်(FLEGT – VPA)လုပ်ငန်းစဉ် ဖော်ဆောင်မည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်များဖြစ်သော အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဖက်အဖွဲ့အစည်း ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “သစ်တောစီမံ အုပ်ချုပ်ရာမှာ ပြည်သူများ ပူးပေါင်းပါဝင်သော ချဉ်းကပ်နည်းနဲ့ ဆောင်ရွက်နိုင်မှသာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ထာဝစဉ်တည်တံ့စေတဲ့ သစ်တော စီမံအုပ်ချုပ်မှုစနစ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်ကြီးနှင့် သက်ဆိုင်သည့် အစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ဆက်စပ်ပတ်သက်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်မှသာ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ထပ်လောင်းပြောကြားခဲ့သည်။

M.O.S Lamber Co.Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်လင်းဦးက “အခု နေပြည်တော်မှာ အမျိုးသားအဆင့်မှာဆိုရင် National Levelမှာ အရပ်ဖက်အဖွဲ့အစည်းရယ် အစိုးရအဖွဲ့အစည်းရယ် ပုဂ္ဂလိကကဏ္ဍရယ် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီးပါပြီ။ Region & State တိုင်းနဲ့ ပြည်နယ် ၁၅ ခု နယ်မြေအသီးသီးမှာ အခု လုပ်ငန်းစဉ် စတင်လိုက်ပြီဖြစ်ပါတယ်”ဟု ဟင်္သာမီဒီယာသို့ ပြောကြားသည်။

သစ်တောကဏ္ဍဆိုင်ရာမှ နိုင်ငံတော်အတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံစေရေး၊ သစ်တောသယံဇာတ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးတို့ကို အထောက်အပံ့ရရှိစေရန်အတွက် FLEGT – VPA လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

သတင်းဓာတ်ပုံ ဖြိုးဝေအောင်

Leave a Reply