Advertisements

မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အောက်ခြေတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှုပြဿနာများကြောင့် အောက်တိုဘာလ ၁၇ ရက်မှစ၍ နှစ်ဖက်အောက်ခြေရဲဘော်အချင်းချင်း နားလည်မှုလွဲမှားကြပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့၍ နှစ်ဦးနှစ်ဖက်ဒဏ်ရာများရရှိခဲ့ကြသည်။

ယင်းကိစ္စကြောင့် နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုများထပ်မံမဖြစ်ပေါ်စေရေးနှစ်ဖက် ခေါင်းဆောင်အကြီးအကဲများဆွေးနွေးညှိနှိုင်းပြီးသဘောတူညီမှုရရှိခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ ဘဝတူတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ယင်းကဲ့သို့ ပစ်ခတ်ထိတွေ့မှုကိုအမြန်ဆုံးပြေလည်စေရန် ကေအဲန်ယူ-ဒူပလာယာခရိုင် တပ်မဟာ (၆) တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသတာဝန်ရှိသူများ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွားနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွားစေရေး အောက်ခြေအဆင့်သို့ ညွှန်ကြားရန်ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်အဖြေရှာသွားကြရန် မိမိတို့အဖွဲ့အစည်းအချင်းချင်းအတူတကွယုံကြည်မှုတည်ဆောက်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်သွားကြရန်နှင့် မွန်ကရင်ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွနေထိုင်သွားကြရန် သဘောတူညီခဲ့ကြသည်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်ထုတ်ပြန်သည့်နေ့မှာပင် အောက်တိုဘာလ ၂၃ ရက် ညနေ ၄ နာရီခွဲခန့်က ရေးမြို့နယ်၊ ငါးကလေးချောင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံးက လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိသေးသော်လည်း မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်စိုးက သေနတ်ထိမှန်ပြီး ယင်းနေရာမှာပင် ကျဆုံးသွားခဲ့ရသည်။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ သဘောတူညီချက်ထုတ်ပြန်သည့်နေ့မှာ အောက်ခြေတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုထပ်မံဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်သူများအကြားဝေဖန်မှုများမြင့်တက်လာခဲ့သည်။

ယင်းကိစ္စကြောင့် နှစ်ဖက်ခေါင်းဆောင်များကပြဿနာထပ်မံမကြီးထွားလာစေရေးကိုစိုးရိမ်နေကြပြီး အချင်းချင်းထိန်းနေကြသည်ကိုရှိနေသော်လည်း ခေါင်းဆောင်တို့၏ အမိန့်ညွှန်ကြားချက်ကို အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များထံ အချိန်မီ မရောက်ရှိနိုင်သည့်အချက်ကြောင့် သို့မဟုတ် အမိန့်ညွှန်ကြားချက်ရောက်ရှိနေသော်လဲအမိန့်မနားခံသော တပ်ဖွဲ့ဝင်များ ရှိနေသောကြောင့် ပစ်ခတ်မှုဖြစ်ပေါ်လာခဲ့ကြောင်း မွန်ပြည်နယ် လူမှုအဖွဲ့အစည်းကွန်ရက်ညှိနှိုင်းရေးမှူးကိုမင်းအောင်ထူးက သုံးသပ်သည်။

ပစ်ခတ်မှုဖြစ်စဉ်များကို လေ့လာကြည့်ခြင်းအားဖြင့် ကရင်အမျိုးသားအစည်းအရုံးက မွန်ပြည်သစ်ပါတီကို ဖိအားပေးသကဲ့သို့ သက်ရောက်နေသည်ဟု ထင်မြင်မိကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

“ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ အလံကိစ္စကို အကြောင်းပြကြတယ်ဆိုတော့ ဒီလောက်ပြဿနာအဆင့်လောက်က အချင်းချင်းပစ်ခတ်မှုမဖြစ်သင့်ဘူး။ အောက်ခြေအဆင့်မှာ ညှိနှိုင်းလိုက်ရင် ပြီးသွားတာပါပဲ။ ဒါပေမယ့် တစ်ရက်မှာ နှစ်နေရာပစ်ခတ်မှုဖြစ်သွားတယ်ဆိုတော့ကာ သူတို့အချင်းချင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့အဆက်အသွယ်မရှိဘူးဆိုရင် ဗျူဟာမရှိဘူးဆိုရင် သူတို့ ဒီလိုလုပ်မှာ မဟုတ်လောက်ဘူး။ သူတို့က မဟာဗျူဟာရှိရှိနဲ့ မွန်ပြည်သစ်ကို ဖိနေတယ်လို့ပဲ ကျွန်တော်တို့ ဒီလိုသုံးသပ်တယ်”ဟု ကိုမင်းအောင်ထူးကထပ်လောင်းပြောဆိုသည်။

မွန်ပြည်သစ်ပါတီနှင့်ကရင်အမျိုးသား အစည်းအရုံးတို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားကြသည့်အဖွဲ့များဖြစ်သည့်အတွက် ယင်းကိစ္စရပ်ကြောင့် ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုလေသည်။

မွန်ပြည်သစ်ပါတီနှင့်ကရင်အမျိုးသားအစည်းအရုံးတို့သည်နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးပြဿနာကိုအဖြေရှာနေကြသည့်အဖွဲ့အစည်းများဖြစ်ပြီး မွန်နှင့်ကရင်သည်လည်း ဘဝတူတိုင်းရင်းသားများဖြစ်ကြသည့်အတွက် အချင်းချင်းပစ်ခတ်မှုများဖြစ်နေပါက နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း အခက်ကြုံစေနိုင်ကြောင်းကိုမင်းအောင်ထူးက သုံးသပ်ပြောဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးနေချိန်၊ နိုင်ငံရေးပြဿနာကို အဖြေရှာနေချိန်အတွင်းမှာ ပစ်ခတ်မှုများ မဖြစ်ပေါ်လာစေရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့တိုင်းကစောင့်ထိန်းကြပ်မတ်နေရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သဘောတူညီချက်ရရှိပြီးတာနဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေသိရှိနိုင်အောင်လိုက်လာအောင်တော့လုပ်ဆောင်ရမယ်။ အမိန့်ညွှန်ကြားချက်တွေဘယ်လိုပဲထုတ်ထုတ် စေတနာကတော့ မကောင်းနေဘူးဆိုရင် ဒီလိုကိစ္စတွေ ဖြစ်ပေါ်နေမှာပဲ”ဟု ကိုမင်းအောင်ထူးက ထပ်လောင်းပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်စေ၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ပစ်ခတ်မှုဖြစ်ပေါ်လာပါက ခံရမည့်သူများသည် ပြည်သူများသာဖြစ်ကြသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုးထားကြသော်လည်း မွန်ပြည်သစ်ပါတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မတီ (JMC-s) တွင် ပါဝင်နိုင်ခြင်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့တွင်ပါဝင်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင်မပါဝင်နိုင်ခြင်းမှာ ယုတ္တိရှိရှိ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ပါဝင်နိုင်ခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုလေသည်။

“မွန်ပြည်သစ်မပါတာက ယုတ္တိမရှိလို့ မပါဝင်သေးတာပါ မပါတာတော့မဟုတ်ဘူးလို့ ကျွန်တော်တို့ မြင်တယ်၊ နိုင်ငံအဆင့်မှာတော့ ပါတယ်။အဲဒီတော့ JMC က အပစ်ခတ်တိုက်ခိုက်မှုကို ထိန်းဖို့က အခုလက်ရှိ JMC ကအသက်မဝင်ဘူး။ အဖွဲ့အစည်းလောက်ပဲရှိပြီးတော့ ဟောပြောနေရုံလောက်ပဲရှိတယ်။ သူတို့လုပ်ကိုင် ရမယ့် အလုပ်တွေကို သူတို့ မလုပ်ဆောင်နိုင်ဘူး”ဟု ကိုမင်းအောင်ထူးက ပြောသည်။

လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ထဲတွင် တပ်မတော်က ဥက္ကဋ္ဌနေရာအဖြစ်တာဝန်ယူထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ အစိုးရအဖွဲ့များပါဝင်နေသော်လည်း အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သဘောမတွေ့များရှိသောကြောင့် ပူးပေါင်းပါဝင်မှုအားနည်းနေကြောင်း သုံးသပ်ပြောဆိုနေကြပြန်သည်။

ထို့ကြောင့် လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ထဲတွင် လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များသည် နိုင်ငံရေးပြဿနာကိုလက်နက်ဖြင့်ဖြေရှင်း၍မရ နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများတွင်သာ နိုင်ငံရေးပြဿနာကို အဖြေရှာရမည်ဖြစ်ကြောင်း ပြောဆိုထားကြသည်။

သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုးထားကြသော်လည်း နှစ်ဖက်နယ်မြေ အငြင်းပွားမှုပြဿနာ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး နှစ်အောက်ခြေတပ်ဖွဲ့ဝင်များတိို့က မကြာခဏ ပစ်ခတ်မှုများလည်း ဖြစ်ပေါ်လေ့ရှိကြသည်။

ပြီးခဲ့သည့်လက မွန်ပိုင်နက်အတွင်း တပ်စခန်းတည်ဆောက်သည်ဟု ဒီမ်ိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ခွဲထွက်အုပ်စုက စခန်းမှ DKBA တပ်ဖွဲ့ဝင် (၇) ဦးကိုမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) က ဖမ်းဆီးခဲ့ပြီး လက်နက် (၁၁) လက်သိမ်းဆည်းခဲ့သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတဝိုိက်ရှိကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)အောက်ခြေတပ်ဖွဲ့များအကြား စစ်ရေးတင်းမားမှုများ ဆက်လက်မဖြစ်ပွားစေရေးခရိုင်အဆင့်နှစ်ဖက်ခေါင်းဆောင်များ မေလ ၃ ရက်နေ့က ဘုရားသုံးဆူမြို့အနီး တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက်သုံးချက်ဖြင့် သဘောတူညီမှုများ ရရှိခဲ့ကြသည်။

သို့သော် ပြီးခဲ့သည့်အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းခန့်ကမွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA) နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်များအချင်းချင်းကြား ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မွန်ပြည်သစ် မရမ်းချောင်းအခြေစိုက်စခန်းနှင့် ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်ဖိုက်အနီး မွန်ပြည်သစ်ပါတီတပ်ခွဲရုံးတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ယင်းပစ်ခတ်မှုမှာ မိနစ် ၂၀ ခန့်အချိန်မြင့်ခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်းဗလဲ့ဒွန်ဖိုက်တပ်ခွဲရုံးမှ မွန်ပြည်သစ်ပါတီ ဒုခွဲမှူးအဆင့်ရှိ ဗိုလ်ကွန်ဗလိုင်က ကျဆုံးခဲ့သည်။

ထီးဝါးဒိုရွာအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဂိတ်အလံကို လွန်ခဲ့သည့် သုံးရက်ခန့်က မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) မှ လာရောက်ဖြုတ်ချဖျက်ဆီးခဲ့သည့်အတွက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က မီဒီယာများကို ပြောဆိုထားသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများတို့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပစ်ခတ်မှုထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသောကြောင့် နေအိမ်သို့ ပြန်လာနိုင်ခြင်း မရှိသေးပေ။စစ်ပွဲများဖြစ်ပေါ်လျှင် ဒေသခံပြည်သူများကသာ ခံရမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးကအစအခက်အခဲဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် ထပ်မံမဖြစ်ပွားကြရန် ဒေသခံပြည်သူများက လိုလားနေကြသည်။

၁၉၈၈ ခုနှစ်က မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ဖူးပြီး ဒေသခံပြည်သူများတို့က အိမ်မဲ့ရာမဲ့အထိဖြစ်ပေါ်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA) တို့အကြား ဖြစ်ပေါ်နေသည့်ကိစ္စနှင့် ပတ်သက်၍ နောက်နောင် ပစ်ခတ်မှုများထပ်မံမဖြစ်ပေါ်စေရေး နှစ်ဖက်ခရိုင်အဆင့်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

“အခုက နှစ်ဖက်တွေ့ဆုံဖို့ သူတို့ဘက်က ခရိုင်ဥက္ကဋ္ဌလည်း တက်သွားပြီးကျွန်တော်တို့ဘက်ကလူလည်း သွားနေပြီး ဒီကိစ္စထပ်မံမဖြစ်ပွားဖို့ တွေ့ဆုံသွားမယ်”ဟု မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌနိုင်ဟံသာက ပြောကြားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဘဝတူတိုင်းရင်းသားညီအစ်ကိုအချင်းချင်းပဋိပက္ခဖြစ်ပွားနေခြင်းသည် မည်သည့်အကျိုးရလဒ်တစ်စုံတစ်ရာမှရရှိနိုင်ခြင်း မရှိသည့်အတွက် နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်များအချင်းချင်း ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရေး တားဆီးသွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပစ်ခတ်မှုဖြစ်နေတဲ့ကိစ္စက လူကြီးပိုင်းအချင်းချင်းတော့ မဖြစ်ဘူး။ အောက်ခြေတပ်ဖွဲ့တွေပဲ ဖြစ်ကြတယ်။ အဲဒီတော့ ဒီလိုဖြစ်နေတာ တားရမယ်”ဟု နိုင်ဟံသာက ထပ်လောင်းပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ နှစ်ဖက် အောက်ခြေတပ်ဖွဲ့ဝင်များစစ်ရေးတင်းမာမှု မဖြစ်ပေါ်စေရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့ကြသော်လည်း ပစ်ခတ်မှုများထပ်မံဖြစ်ပွားနေသည်ကို နှစ်ဖက်လိုအပ်ချက်များရှိနေကြောင်းလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

ထို့ကြောင့် ခရိုင်အဆင့်နှစ်ဖက်တွေ့ဆုံမည့်ကိစ္စမှာ အောက်ခြေတပ်ဖွဲ့ဝင်များအထိနားလည်းသဘောပေါက်သွားစေရေးကို လိုအပ်သည့်အတွက်ဘဝတူတိုင်းရင်းသားညီအစ်ကိုဖြစ်သည့်အတွက် အချင်းချင်းပစ်ခတ်မှုများထပ်မံမဖြစ်ပွားရန် လေ့လာသုံးသပ်သူများက မျှော်လင့်မိနေကြသည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) သည် မွန်ပြည်သစ်ပါတီ(NMSP)၏ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး KNLA သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

သို့ပေမယ့် အချို့သော အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ယင်းကိစ္စကိုမခံမရပ်နိုင်ဖြစ်နေကြသော်လည်း မွန်ပြည်သစ်ပါတီ NCAလက်မှတ်ရေးထိုးထားကြသည်ကိုလည်း သဘောမတွေ့သူများလည်း ရှိနေသကဲ့သို့ လက်ခံကြသူများလည်း ရှိနေကြသည်။

ယင်းနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCs) တွင်ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMCsတွင် ပါဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီတာဝန်ရှိသူများကပြောကြားထားသည်။

သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-s) တွင်ပါဝင်ခွင့်ရရှိထားကြသည်။ပြည်နယ်/တိုင်းဒေသ ကြီး အဆင့် အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCs) တွင်ပါဝင်နိုင်ခြင်း မရှိသေးသော်လည်းအောက်ခြေတွင်ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ပါက ပါတီဆက်ဆံရေးရုံးတွင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

၁၉၉၅ ခုနှစ်ကတည်းက စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲရေးသဘောတူညီချက်အရ ကရင်ပြည်နယ်တွင် တပ်ရင်း (၃) ရင်းနှင့် တနင်္သာရီတိုင်းဒေသကြီးမှာ တပ်ရင်း (၂) ရင်းဖြင့် အခြေစိုက်လှုပ်ရှားခွင့် ရရှိခဲ့သောမွန်ပြည်သစ်ပါတီကိုမွန်ပြည်နယ် JMCs တစ်ခုတည်းမှာသာ တပ်မတော်ဘက်က ပါဝင်ခွင့်ပြုထားသည်။

ရွှေရိုး

Advertisements
<

Leave a Reply