မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဟာ အခု ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒေါ်စုနဲ့ ကာချုပ်ကို သီးခြားစီတွေ့ဆုံကြပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)မှာ မကြာမီ လက်မှတ်ရေးထိုးတော့မယ်လို့ ပူးတွဲကြေညာခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ အဖွဲ့ဟာ အဲဒီနေ့ မနက်ပိုင်းမှာ နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာမှာ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တစ်ရက်တည်းမှာပဲ နိုင်ထောမွန်တို့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ တွေ့ဆုံပါတယ်။ လားဟူ LDU ကလည်း တစ်ရက်တည်းမှာ ဒေါ်စုနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပေမယ့် ကာချုပ်နဲ့ တွေ့မတွေ့ကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအနေနဲ့ သတင်းထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

သီးခြားစီ ဆွေးနွေးအပြီးမှာတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက မကြာမီကာလအတွင်း NCUမှာ ပါဝင်လက်မှတ်ရေးထိုးတော့မယ့်အကြောင်း သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။
လက်မှတ်ရေးထိုးမယ့် နေ့ရက်အတိအကျကို ကြိုတင်ထုတ်ပြန်ခြင်းမရှိပေမယ့် လာမယ့် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့မတိုင်မီ ရေးထိုးနိုင်တယ်လို့ လေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။

အဲဒီတစ်နေ့တည်းမှာပဲ သြစတေးလျနိုင်ငံ၊ ကင်ဗာရာမြို့တော်က သြစတေးလျအမျိုးသားတက္ကသိုလ်မှာ ကျင်းပနေဆဲဖြစ်တဲ့ Mon Democracy and Peace Forumက မွန်ပြည်သစ်ပါတီရဲ့ အခုလို NCAလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းကို ကြိုဆိုထောက်ခံတဲ့အကြောင်း အဆိုပြုခဲ့ပါတယ်။ အဆိုကိုတော့ ဖိုရမ်နောက်ဆုံးရက်မှာ အတည်ပြုမှာဖြစ်တဲ့အကြောင်း အခမ်းအနားမှူး ဗညားဟံသာက အစီအစဉ်ပြီးချိန်မှာ ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို ပြန်သုံးသပ်ပြီး မွန်အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဥပဒေဘောင်ထဲက လျှောက်လှမ်းသွားတဲ့ ဒီနိုင်ငံရေးဖြစ်စဉ်ကို အထက်ပါဖိုရမ်အနေနဲ့ ထောက်ခံတဲ့ အမြင်သဘောထားရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တစ်စုတစ်စည်းတည်းသော မွန်အင်အားစုတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အမျိုးသားရေးတာဝန် ထမ်းဆောင်နေသူတွေ၊ နိုင်ငံရေးသမားတွေ အားလုံးက ရင်းနှီးလှိုက်လှဲစွာနဲ့ အမြင်ချင်း ဖလှယ်နိုင်ရေး အလေးထားဆွေးနွေးကြဖို့ တိုက်တွန်းကြောင်းကို သဘောထား အဆိုပြုခဲ့ကြောင်း ကြားသိရပါတယ်။

ဒီဖိုရမ်ကို တက်ဖို့အတွက် သြစတေးလျကို ရောက်နေတဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပါတီဗဟိုကော်မတီဝင် အများစု၊ အထူးသဖြင့် ရှေ့တန်းခရိုင်၊ တပ်ရင်းအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဗဟိုကော်မတီဝင်တွေအနေနဲ့လည်း NCAလက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိကြောင်း ဆိုတယ်လို့ ကြားသိရပါတယ်။ နိုင်ဟံသာက ”မွန်ပြည်သစ်ပါတီအနေနဲ့ NCA ထိုးမယ့်ကိစ္စကို မိမိတို့ရဲ့ တပ်ပေါင်းစုဝင် အဖွဲ့တွေနဲ့လည်း တိုင်ပင်နေကြတယ်။ မိမိ တစ်ပါတီတည်း မထိုးသင့်ဘူးလို့ မြင်တယ်။ တပ်ပေါင်းစု UNFCကိုလည်း ပစ်ပယ်လို့ မကောင်းဘူး” လို့ ပြောတဲ့အကြောင်း မီဒီယာစာမျက်နှာထက်ကနေတဆင့် ဖတ်ရှုကြားသိရပါတယ်။

ဒါပေမယ့်လို့လည်း UNFC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီရော၊ လားဟူ LDUပါ မကြာခင်မှာ NCAလက်မှတ်ရေးထိုးတော့မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPCမှာ အဲဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အချိန်ဟာ သြစတေးလျမှာ အထက်ဖော်ပြပါဖိုရမ် ကျင်းပပြုလုပ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒီနေရာမှာ သြစတေးလျက မွန်ဖိုရမ်အကြောင်းကို မီဒီယာစာမျက်နှာကို ကိုးကားပြီး အနည်းငယ် ထည့်သွင်းရေးသား ဖော်ပြချင်ပါတယ်။ အဲဒီ ဖိုရမ်ဟာဆိုလို့ရှိရင် အခုလ ၂၂ ရက်ကနေ ၂၅ ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCဥက္ကဋ္ဌလည်းဖြစ်၊ မွန်ပြည်သစ်ပါတီNMSPရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာ၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က မွန်တိုင်းရင်းသားအရေး ကျွမ်းကျင်သူ Ashley Southတို့လည်း တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သြစတေးလျ မွန်အသင်းကို တည်ထောင်သူ နိုင်မောင်သောင်း၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOMဒါရိုက်တာ၊ မွန်သတင်းအေဂျင်စီက နိုင်ကဆော့မွန်၊ မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်နဲ့ ကနေဒါ၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့က ကိုယ်စားလှယ်ပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ဖိုရမ်ကျင်းပရေးအစီအစဉ်ကနေတဆင့် သိရတယ်လို့ မီဒီယာမှာ ဖော်ပြထားပါတယ်။
ဖိုရမ်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ NCAလမ်းကြောင်းကနေ ရှေ့ဆက်သွားမယ့် အနေအထားအပေါ် အထက်ပါဖိုရမ် ဦးဆောင် ကျင်းပသူ နိုင်သီရိမွန်ချမ်းက သူ့ရဲ့ အမြင်ကို ပြောရာမှာ ဒီအနေအထားအပေါ် လက်ခံသူလည်း ရှိသလို လက်မခံသူလည်း ရှိကြတယ်၊ ဒါပေမယ့် တက်ရောက်သူအားလုံးရဲ့အမြင်ကို စုစည်းလိုက်ရာမှာတော့ ကာယကံရှင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ အဆုံးအဖြတ်အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလေးအနက် သတိကြီးကြီးထားပြီး NCAအတိုင်း လိုက်ပါသွားဖို့ကိုလည်း နိုင်သီရိမွန်ချမ်းက ထည့်သွင်းပြောကြားခဲ့တယ်လို့ မီဒီယာမှတဆင့် သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCအနေနဲ့ရော မွန်ပြည်သစ်ပါတီနဲ့ လားဟူ LDUတို့ အဲဒီလက်မှတ်ရေးထိုးအပြီးမှာအလားအလာ ဘယ်လို ဆက်ရှိမလဲ။ ဆက်ရှိ မရှိကိုတော့လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဆုံးဖြတ်မယ်လို့ UNFCအတွင်းရေးမှူး (၂) ခူးဒယ်နီရယ်က အခုလ ၂၄ ရက်မှာ အဖွဲ့အစည်းအတွင်းအခြေအနေနဲ့ ပတ်သက်လို့ မီဒီယာကို ပြောဆိုထားပါတယ်။

ဗဟိုကော်မတီအစည်းအဝေးကို အဲဒီလဆန်းလောက်မှာ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။
မွန်နဲ့လားဟူတို့ NCAမထိုးခင်အထိတော့ အဖွဲ့အစည်းဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအနေအထားမှာ မွန်နဲ့လားဟူအပြင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ရခိုင်အမျိုးသားကောင်စီတို့လည်း ရှိနေပါတယ်။ ဒီအဖွဲ့အစည်းလေးစုက ကိုယ်စားလှယ် ငါးဦးစီနဲ့ ကောင်စီဝင် ဦး ၂၀ ရှိနေတာ ဖြစ်ပါတယ်။
အဲဒီထဲကမှ ဗဟိုအလုပ်အမှုဆောင် ရှစ်ဦး ရှိတာမှာ ဥက္ကဋ္ဌကတော့ နိုင်ဟံသာဖြစ်ပါတယ်။

၂၀၁၁ က စတင်ဖွဲ့စည်းချိန်မှာ လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ စခဲ့တဲ့ UNFCဟာ ၂၀၁၇ နှစ်လယ်ပိုင်းမှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့အပါအဝင် လေးဖွဲ့နုတ်ထွက်ခဲ့ပါတယ်။ အဲဒီမှာ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌအဖြစ် တာဝန် စ ယူခဲ့တာပါ။
ဒီမတိုင်မီ ကြားထဲက ၂၀၁၄ မှာ UNFC ရဲ့ ဖွဲ့စည်းပုံအပေါ် သဘောထားကွဲလွဲရာက KNUအနေနဲ့ နုတ်ထွက်ထားပါတယ်။
၂၀၁၅ အောက်တိုဘာမှာ NCAစာချုပ် လက်မှတ်ထိုးတဲ့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့နဲ့ ချင်းလက်နက်ကိုင်အဖွဲ့ကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းလိုက်ရပါတယ်။

၂၀၁၆ မိုးဦးကျကာလမှာ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟာ နုတ်ထွက်ခွင့် တောင်းခဲ့သလို နောက်တစ်နှစ်အကြာ ၂၀၁၇ မှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဝ အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ ရှေ့နောက်ဆိုသလို နုတ်ထွက်သွားခဲ့တာပါ။

UNFCဟာ ကျန်ရှိတဲ့ အဖွဲ့ဝင်တွေ အပစ်ရပ်လက်မှတ် ထိုးနိုင်အောင် အစိုးရနဲ့ ညှိနှိုင်းနေပေမယ့်လို့လည်း အပြီးသတ်သဘောတူညီမှု မရသေးတဲ့ကာလမှာ အခုလို မွန်နဲ့ လားဟူတို့က တစ်ဖွဲ့ချင်း ဆုံးဖြတ်ချက်နဲ့ လက်မှတ်ရေးထိုးဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဆက်ရှိမရှိဟာ စောင့်ကြည့်လေ့လာသင့်တဲ့ကိစ္စတစ်ရပ်ဖြစ်သလို အခြားသော နိုင်ငံရေးအခင်းအကျင်းစာမျက်နှာထက်မှာ ဘယ်လို အကောင်းအဆိုး၊ အကြောင်းအကျိုး သက်ရောက်မှုတွေ ရှိလာမလဲဆိုတာဟာ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးထားပါတယ်။

Written by ခေတ်မင်း

Leave a Reply