Advertisements

“အခုတော့ သူတို့လည်း သံဝေဂ ရသင့်ပြီလို့ ကျွန်တော်ထင်တယ်”

မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးကို ကြားဝင်ဆောင်ရွက်ရန် မေလအတွင်း မွန်ပြည်သစ်ပါတီက ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများကို မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဟင်္သာမီဒီယာ တွေ့ဆုံမေးမြန်းထားသည်ကို ပြန်လည်ဖော်ပြ လိုက်ပါသည်။
ႏိုင္ဟံသာ copy
ဟင်္သာ။ ။ မွန်ပါတီပေါင်းစည်းရေးကိစ္စမှာ ကြားဝင်ညှိနှိုင်း ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။

နိုင်ဟံသာ။ ။ မွန်ပြည်သစ်ပါတီညီလာခံတုန်းက ဒီကိစ္စကို ဆုံးဖြတ်ခဲ့တယ်၊ မွန်နိုင်ငံရေးပါတီ ပေါင်းစည်း နိုင်အောင် မွန်ပြည်သစ်ပါတီက သံဃာတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ကြေညာချက် တွေမှာလည်း ထည့်ထားတယ်။ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ နှစ်ပါတီက ဒီလို ကွဲနေမယ်ဆိုရင် မဲပြိုင်ရင်လည်း သူများကိုရှုံးမယ်၊ နောက်ပြီး ကျွန်တော်တို့လူမျိုးမှာ ဒီလိုအမြင်သဘောထား တွေ ကွဲသွားတယ်။ အကုန်ပြောရရင် ရွာတစ်ရွာမှာလည်း အမြင်သဘောထားနှစ်ခုဖြစ်လာမယ်။ တစ်အိမ်ထဲမှာ တောင် အချို့တွေ အမြင်နှစ်မျိုးဖြစ်သွားမယ်။ ဒီလိုအမြင်ကွဲနေတာက ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ မလွယ်ကူဘူး။ သူတို့အချင်းချင်း ပန်းတိုင်သို့ ချီတက်သွားမယ့် နည်းလမ်းတွေ နည်းစနစ်တွေ တူနေကြတယ်။ ကျွန်တော်တို့ကျ သူတို့နဲ့ မတူဘူး။ ကျွန်တော်တို့က လက်နက်ကိုင်အဖွဲ့အစည်း၊ သူတို့က ဥပဒေဘောင်အတွင်းလျှောက်လှမ်းမယ့်သူတွေ၊ ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေ တူနေကြတော့ ပေါင်းစည်း လိုက်မှ အဆင်ပြေမယ်။ မပေါင်းစည်းရင် ပြီးခဲ့တဲ့အတွေ့အကြုံတွေက ရွေးကောက်ပွဲ မစခင်ကတည်းက ကျွန်တော်တို့ ပြောဖူးတယ်။ သူတို့အချင်းချင်း တင်းမာမှုတွေရှိနေကြတယ်။ သူထင်သူနိုင်မယ်၊ ကိုယ်ထင်ကိ်ုယ်နိုင်မယ်။ နောက်ဆုံးတော့ နှစ်ဖက်စလုံးက ရှုံးသွားတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကဆို သုံးပါတီဖြစ်သွားတယ်။ အချို့တွေကျတော့ ပုဂ္ဂလိကဝင်ပြိုင်တာလည်းရှိတယ်။ မွန်လူမျိုးမဲတွေ ကွဲသွားတယ်။ ဒီကိစ္စက အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ နောက်တစ်ခုက အချို့မွန်လူမျိုး တွေ ဟိုပါတီကို မဲထည့်ပေးရ မလား၊ ဒီပါတီကို မဲထည့်ပေးရမလားရှုပ်နေကြတယ်၊ အချို့က စိတ်ဆိုးသွားတော့ ဘယ်ပါတီမှ မထည့်ပေး ချင်တော့ဘူး။ မွန်ပြည်နယ်မဲထည့်ဦးရေစာရင်းကို ကြည့်လိုက်တော့ ၅၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ဒါကလည်း ပြည်သူတွေ မကျေနပ်လို့ သပိတ်မှောက်တဲ့သဘောပါပဲ။ ကြည့်လိုက်ရင် ကိုယ့်မွန်ပါတီတွေ မနိုင်မှာသေချာနေတော့ အချို့တွေက မဲတော့ထည့်တယ် ဒါပေမယ့် အခြားပါတီကို ထည့်ပေးလိုက်တယ်။ ဒါတွေကို ကျွန်တော်တို့အားလုံးက ဒီအတိုင်းပဲလွှတ်ထားတော့မလား။ အမျိုးသားရေးကိစ္စမှာ အကျိုးမရှိဘူး။ ဒါတွေကို အမျိုးသားရေးအတွက် အရမ်းနစ်နာတဲ့ဆုံးရှုံးမှုတစ်ခုပဲ။ နစ်နာဆုံးရှုံးမှုကို ကာကွယ်နိုုင်ဖို့က နစ်နာဆုံးရှုံးခဲ့ရတဲ့အတွေ့အကြုံတွေအပေါ်မှာ ကွဲနေရင် ရှုံးမယ်ဆိုတာ သိနေတော့ ပြည်သူတွေလည်း တောင်းဆိုတယ်၊ သံဃာတော်တွေလည်း တောင်းဆိုတယ်။ အားလုံးကတောင်းဆိုနေတော့ ပါတီတွေကလည်း အချင်းချင်းတင်းမာနေတဲ့အမြင်တွေကို လျော့ကျလာလိမ့်မယ်လို့ မြင်တယ်။ အချိန်ကောင်းအခါကောင်းဖြစ်နေ တော့ ပေါင်းစည်းဖို့ ကျွန်တော်တို့လုပ်ဆောင်ရမယ်။ အခုပြန်ကြည့်လိုက် ကရင်မှာလည်း ပေါင်းစည်းလိုက်ပြီ။ ချင်းတွေမှာလည်း ပေါင်းလိုက်ပြီ။ ပါတီတွေကွဲနေတာ အားလုံးက သူများကိုရှုံးသွားမယ်။ သူများလူမျိုးတွေ သူများ ပေါင်းစည်းနေပြီလေ၊ မွန်တွေလည်း ပေါင်းစည်းသင့်နေပြီ။ ဒီအတိုင်းပစ်ထားရင် ဘယ်လိုမှ ပေါင်းစည်းလို့မနိုင်ဘူး။ ဒါတွေကို လုပ်ငန်းစဉ်တစ်ခုလိုသဘောထားပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။

ဟင်္သာ။ ။ ရာမညနိကာယသံဃာအဖွဲ့တွေနဲ့ ဘယ်လိုပုံစံ ဆောင်ရွက်သွားကြမလဲ။

နိုင်ဟံသာ။ ။ ဘယ်လိုသွားမလဲဆိုတာက မသိသေးဘူး။ အခုကိစ္စပြီးမှ သံဃာတော်တွေနဲ့ တွေ့မယ်။ ဒါပေမယ့် ပဲခူးပရိယတ္တိ မွန်စာသင်တိုက် ဆရာတော်က ဦးဆောင်နေတယ်။ ဆရာတော်က ခရီးလွန်နေတော့ အဆုံးအဖြတ်ပေးနိုင်မလား၊ မနိုင်ဘူးလားဆိုတာ မပြောနိုင်သေးဘူး။ အချိန်ရရင် ဒီအပတ်အတွင်းမှာတော့ အခြားဆရာတော်တွေနဲ့ တွေ့ဆုံသွားမယ်၊ ပေါင်းစည်းဖို့ နည်းလမ်းတွေ ရှာအုံးမယ်၊ ဆုံးဖြတ်ချက်ချဖို့က မဖြစ်သေးဘူး။

ဟင်္သာ။ ။ မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ပထမဦးဆုံး ဘာတွေလုပ်ဆောင်သွားမလဲ။

နိုင်ဟံသာ။ ။ ဘာကိုအရင်ဦးဆုံးလုပ်ဆောင်မလဲဆိုတာ မပြောနိုင်သေးဘူး။ သံဃာတော်တွေနဲ့ တွေ့ဆုံ တိုင်ပင်ဆွေးနွေးပြီးရင် နှစ်ဖက်ပါတီကိုလည်း သွားရောက်ဆွေးနွေးရဦးမယ်။ တွေ့ပြီးမှ ပေါင်းစည်းရေး အတွက် နည်းလမ်းတွေ ရှာရမယ်။

ဟင်္သာ။ ။ ပေါင်းစည်းရေးကို ပြီးခဲ့တဲ့အချိန်က သံဃာတွေ လုပ်ဆောင်ခဲ့တာကြားခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး။ နောက်ထပ်တစ်ကြိမ် လုပ်ဆောင်မယ်ဆိုရင် အောင်မြင်နိုင်မလား။ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။

နိုင်ဟံသာ။ ။ ဒီလိုရှိတယ်၊ ပြီးခဲ့တဲ့အချိန်တုန်းက မွန်ပြည်သစ်ပါတီအနေနဲ့ တောင်းဆိုခဲ့တာ အများကြီးရှိခဲ့ တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ပဲ သံဃာတွေကို တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် ဆရာတော်တွေက မလှုပ်ရှားကြဘူး။ ရဟန်းပျိုတွေကို အပ်ထားပေးပြီးတော့ အကောင်အထည်ဖော်နေတယ်။ ရဟန်းပျိုတွေ အကောင်အထည်ဖော်နေတာ အချို့နေရာတွေမှာ အရာမရောက်တာလည်း ရှိနိုင်တယ်။ အခုကျတော့ ဆရာတော်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ အကောင်အထည်ဖော်သွားမယ်။ နောက်ပြီးတော့ အရင်အချိန်က သူတို့အချင်းချင်း ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာတွေမှာ တင်းမာမှုတွေ မြင့်မားနေတယ်။ တစ်ဖက်ကတော့ သူတို့ကိုယ်သူတို့ အထင်ကြီးနေတယ်။ ဒီလိုခြားနားနေမယ်ဆိုရင် သူတို့ဝင်ပြိုင်ရင် သူတို့နိုင်မယ်လို့ အဲလို မြင်ကြတယ်။ အခုဆိုရင် လက်တွေ့မြင်နေရပြီ။ နှစ်ဖက်စလုံးရှုံးတယ်။ ပြည်သူတွေလည်း ဆဲဆိုနေတာ အများကြီးပဲ။ အစစ်အမှန်နော်။ အပြင်ဘက်မှာလည်း ပြောဆိုနေတာ အများကြီးပဲ။ အရင်တုန်းက အချို့ပုဂ္ဂိုလ်ခေါင်းဆောင်တွေက သူတို့ တင်းမာနေကြတော့ ဟိုဘက်ဒီဘက် အပြစ်ပုံချတာများတယ်။ အခုတော့ သူတို့လည်း သံဝေဂ ရသင့်ပြီလို့ ကျွန်တော်ထင်တယ်။ ဒီနေ့ ကျွန်တော်တို့ အကောင်အထည်ဖော်မယ်ဆိုရင် အခြေအနေတွေ အနည်းနဲ့အများ ပြောင်းလဲလာလိမ့်မယ်။ ဒါတွေက ကောင်းလာလိမ့်မယ်။ အပြည့်အဝအောင်မြင်မယ်လို့ မပြောနိုင်ဘူး။

ဟင်္သာ။ ။ ပေါင်းစည်းရေးကိစ္စကို မွန်ပြည်သစ်ပါတီအနေနဲ့ ဦးဆောင်မယ်ဆိုရင် နှစ်ပါတီလုံးက လက်ခံပါ့မလား။

နိုင်ဟံသာ။ ။ ဒါတွေက သူတို့နဲ့ မဆွေးနွေးရသေးဘူးလေ။ ဒါက အမျိုးသားရေးအလုပ်ပဲ ကောင်းသော အလုပ်ပဲ။ သူတို့ လက်မခံရင် သူတို့သမိုင်းက ခေါက်သွားလိမ့်မယ်။ အမျိုးသားရေးအတွက် ကောင်းစားဖို့ လုပ်ဆောင်နေတာ။ သူတို့ နည်းနည်းမှ လက်မခံဘူး အမြဲတမ်းဆန့်ကျင်နေမယ်ဆိ်ု ပြည်သူ အများစုကြားမှာ ဒီသတင်းထွက်သွားတာနဲ့ သူတို့ ရေစုန်မျောပြီးလို့ ပြောချင်တယ်။ အမျိုးသားရေးအလုပ်က စေတနာအမှန်နဲ့ လုပ်ဆောင်ရမယ်၊ ဂိုဏ်းဂဏတွေ ဂုဏ်ပကာသနတွေ ဒေါသ မောဟတွေ ခေါင်းပေါ်တင်ထားမယ်ဆိုရင် ရေစုန်မျောမယ်။ သူတို့ စိတ်ဓာတ်တွေ သူတို့ စေတနာတွေက သူတို့ကို အဆုံးအဖြတ်ပေးလိမ့်မယ်။

ဟင်္သာ။ ။ မွန်နိုင်ငံရေးပါတီတွေ တစ်ပါတီထဲ ဖြစ်မလာခဲ့ဘူးဆိုရင် အနာဂတ်မွန်နိုင်ငံရေးအတွက် ဘာဖြစ်လာနိုင်မလဲ။

နိုင်ဟံသာ။ ။ ကျွန်တော်တို့က နည်းလမ်းရှာရမယ်။ တစ်ခုထဲမဖြစ်ရင်တောင်မှ နားလည်မှုဘယ်လောက်နဲ့ တည်ဆောက်သွားနိုင်မလဲ။ ဒါက အနိမ့်ဆုံးအဆင့်နော်။ အမှန်တကယ်ဆို တစ်ခုထဲဖြစ်အောင်လုပ်နိုင်မယ်ဆို ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် သူ့အနေအထားနဲ့သူ ကိုယ့်အနေအထားနဲ့ကိုယ် အမြဲတမ်းတင်းမာနေမယ် ဆိုရင် လူမျိုးအတွက် အခြားကိုယ်စာပြုပါတီတစ်ခု ပေါ်ထွက်လာနိုင်မယ်။ ဆိုလိုချင်တာက သပိတ်မှောက်ခံရ လိမ့်မယ်။ ကျွန်တော်တို့ သိသလောက်တော့ နှစ်ပါတီစလုံးက ပေါင်းစည်းရေးကို မလိုလားတဲ့လူတွေ သိပ်မရှိကြဘူး။ အများစု ပေါင်းစည်းရေးကို လိုလားတဲ့လူတွေကြီးပဲ။ အောက်ခြေတွေက ပေါင်းစည်းရေးကို အားလုံးလိုလားနေကြတယ်။

ဟင်္သာ။ ။ ဆရာတို့က ပြည်နယ်အစိုးရနဲ့တွေ့ဆုံခဲ့တယ်နော်။ ဘယ်လိုရည်ရွယ်ချက်နဲ့တွေ့ဆုံပြီး ဘယ်သူတွေပါဝင်ခဲ့လဲ ။

နိုင်ဟံသာ ။ ။ မွန်ပြည်နယ်အစိုးရအသစ်ဆိုတော့ တွေ့ဆုံခဲ့တာ မရှိသေးတဲ့အတွက်ကြောင့် ရင်းနှီးအောင်ဆိုပြီးတော့ လာရောက်တွေ့ဆုံတာပါ။ ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံခဲ့တယ်။ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက အလုပ်မှုဆောင် ၅ ဦး၊ မော်လမြိုင်မှာ တာဝန်ယူနေတဲ့ ဗဟိုကော်မတီ၂ ဦးပါတယ်။

ဟင်္သာ။ ။ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။

နိုင်ဟံသာ ။ ။ အဓိကတော့ ရင်းနှီးအောင်ဆိုပြီးတော့ တစ်ဖက်အေးချမ်းစွာနဲ့ တည်မြဲစေဖို့ ရင်နှီးနေကြပြီဆိုတော့ အခက်အခဲ နည်းနည်းပါးပါးကို ကိုယ့်အချင်းချင်းညှိနှိုင်းပြီးတော့ အဆင်ပြေသွားစေဖို့ရယ်။ နောက်ပြီးတော့ ဝန်ကြီးချုပ် လည်းပြောတယ်။ မွန်ပြည်နယ်မှာ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြိုးစားနိုင်သလောက် ကြိုးစားသွားမယ်။ ဒါကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်။ ကျွန်တော်တို့က သူတို့ကို နည်းနည်းမေး လိုက်တယ်။ ၂၁ ရာစုပင်လုံ ညီလာခံ နဲ့ပတ်သက်ပြီး NLD မူချထားတာကို ဘယ်လို ရည်ရွယ်ချက်လဲ။ ကျွန်တော်တို့က မေးလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရသေးတော့ ဒါကိုတော့ ကျွန်တော်တို့လည်း မသိဘူးလို့ ဝန်ကြီးချုပ်ကပြောတယ်။

ဟင်္သာ။ ။ နောက်ထပ်ဆရာတို့ မွန်ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ဘာတွေ ထပ်ဆွေးနွေးပြောဆို ခဲ့တာရှိသေးလဲ။

နိုင်ဟံသာ။ ။ နောက်တစ်ခုက သံလွင်တံတားထိပ်အဝိုင်း ဆွမ်းအုပ်နေရာက အရင်တုန်းက ဟင်္သာပုံဖြစ် တယ်၊ ဟင်္သာပုံကို ဖယ်လိုက်ပြီးတော့ ဆွမ်းအုပ်ပုံကိုထည့်လိုက်တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ မွန်လူမျိုးတွေ အများကြီး မကျေနပ်ကြဘူး။ စိတ်လည်းမကောင်းဘူး။ အဲဒီနေရာကို ဟင်္သာပုံပြန်ထည့်ပေးဖို့က မွန်လူမျိုးတွေ တောင်းဆိုနေတာ အများကြီးပဲ။ ဝန်ကြီးချုပ်အနေနဲ့ လုပ်ပေးနိုင်ရင် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တို့က ပြောလိုက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ မပြီးသေးသရွေ့ ကျွန်တော်တို့ ပါတီတွေ အဖွဲ့တွေ အချင်းချင်း တည်မြဲသွားစေဖို့က ဝင်ငွေတစ်ခုခုရှိလာစေဖို့ ဝိုင်းစဉ်းစားပေးဖို့ ကျွန်တော်တို့က ပြောတယ်။ ဝိုင်းစဉ်းစားပေးမယ်လို့ ဝန်ကြီးချုပ်ကပြောတယ်။

ဟင်္သာ။ ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြစ်ဖို့က ဘယ်လိုလုပ်ဆောင်သင့်လဲ။

နိုင်ဟံသာ ။ ။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့လည်း အဲဒီလို သဘောထားပဲရှိတယ်။ အဓိကတော့ လူမျိုးတစ်မျိုးနှင့်တစ်မျိုး တန်းတူညီမျှမှုရှိဖို့၊ သူ့လူမျိုးနဲ့သူ ဖန်တီးနိုင် အောင်၊ စာပေ ယဉ်ကျေးမှုတွေ မြှင့်တင်နိုင်ဖို့က အရေးကြီးတယ်။ အချို့လူတွေက ဒီမိုကရေစီအရေးကိုပဲ မြင်နေတယ်၊ စီးပွားရေးကိုပဲ မြင်နေကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို စာပေ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မဖော်ထုတ်ဘူးဆိုရင် ဘယ်လိုမှ အမြင့်ကို မရောက်နိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ ကြည့်ပြီးတော့ ထောက်ပြပေးလိုက်တယ်၊ ဥပမာ- ဗမာစာတွေက မူကြိုကနေ တက္ကသိုလ်အထိ တစ်နိုင်ငံလုံး သင်နေတယ်။ တိုင်းရင်းသားစာပေတွေက ကိုယ့်ပြည်နယ်မှာ မူလတန်းအဆင့်တောင် သင်ခွင့်မရှိဘူး။ ဒါတွေက အဆင့်အတန်းအရမ်းကွာသွားတယ်။ နောက်ပြီးတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ ယဉ်ကျေးမှုတက္ကသိုလ်တို့ ယဉ်ကျေးမှုဇာတ်ရုံတို့ အမျိုးသားဇာတ်ရုံတို့ ဖွင့်ထားတယ်။ ဆိုကရေးတီးပြိုင်ပွဲတွေလည်း နှစ်စဉ်နှစ်တိုင်းကျင်းပနေတယ်။ တိုင်းရင်းသားတွေအတွက် ဘာမှ မလုပ်ပေးဘူး။ တိုင်းရင်းသားတွေ မကျေနပ်ဘူး။ ဒါက တစ်ဖက်ကိုပဲ ဖော်ထုတ်ပြီးတော့ တစ်ဖက်ကို တော့ ဖိထားတယ်။ ဒါတွေကို ဝိုင်းဝန်းပြုပြင်ပေးဖို့ ကျွန်တော်တို့ ဝန်ကြီးချုပ်ကိုလည်း ပြောထားတယ်။ ဒါမှ တစ်ဖက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ရယ်၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ ဖြစ်လာစေဖို့ရယ် ဒါတွေကို လုပ်ဆောင်ပေးမယ်လို့ သူကပြောတယ်။ အရင်က မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့်နဲ့ ကျွန်တော်တွေ့တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဖူးတယ်။ မွန်ပြည်သူတွေနဲ့ ထိတွေ့နေတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သူတွေက အဆိုတင်သွင်းနေတယ်။

ဟင်္သာ။ ။ နောက်တစ်ခုက လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်ပြောတဲ့ ၂၁ ရာစု ပင်လုံကိစ္စကို ဘယ်လိုမြင်လဲ။

နိုင်ဟံသာ။ ။ ၂၁ ရာစုပင်လုံဆိုတာ ဒါက နာမည်ကြိုက်သလိုတပ်လို့ရတယ်။ အဓိက တိုင်းရင်းသား အားလုံးရယ်၊ နိုင်ငံရေးပါတီအားလုံးရယ်၊ အစိုးရနဲ့တွေ့ဆုံပြီးတော့ အနာဂတ်နိုင်ငံရေးပုံစံကို ချမှတ်ဖို့၊ နာမည်တော့ ဘယ်လိုပဲတပ်တပ်ပေါ့လေ ၂၁ ပင်လုံဖြစ်ဖြစ်၊ ဒုတိယပင်လုံပဲဖြစ်ဖြစ်၊ ဘာပဲပြောပြော တိုင်းရင်းသားအားလုံးနဲ့ပတ်သက်ပြီးတော့ တည်ဆောက်ရမယ့်ကိစ္စကို အတူအကွနေထိုင်နိုင်ဖို့ တိုင်းရင်းသားအခွင့်အရေးတွေ ဘယ်လိုနဲ့ နိုင်ငံကို တည်ဆောက်သွားမလဲ။ အဓိက အဲဒါပဲ အရေးကြီးတယ်။ အဓိကအားလုံးကတော့ တိုင်းရင်းသားအားလုံး ကျေနပ်မှုရှိဖို့၊ ဒီကဏ္ဍကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဒီနေ့ စစ်ပွဲဖြစ်နေရတာက တိုင်းရင်းသားတွေ ဖိနှိပ်ခံထားနေရလို့ပဲ။

ဟင်္သာ။ ။ အဲဒါတွေကို မဖြေရှင်းနိုင်ရင် ဘာတွေဖြစ်လာနိုင်မလဲ ။

နိုင်ဟံသာ။ ။ ဒါတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ဒီမိုကရေစီနိုင်ငံလည်း ဖြစ်မလာနိုင်ဘူး။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လည်း မဖြစ်နိ်ုင်ဘူး။ ဒါတွေက အခြေခံပြဿနာအရင်းမြစ်ပါပဲ။
ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ကျေနပ်တဲ့အထိ ဖြေရှင်းပေးရမယ်။ လူမျိုးတစ်မျိုးက အခွင့်အရေးများပြီးတော့ အခြားလူမျိုးတွေကို ဖိနှိပ်ထားတာ ဒါတွေက ဘယ်လိုမှ စည်းလုံးညီညွတ်မှု မဖြစ်နိုင်ဘူး။ တန်းတူရေးမဖြစ်သရွေ့တော့ စည်းလုံးညီညွတ်မှုကို ဘယ်တော့မှ မလုပ်ဆောင်နိုင်ဘူးလို့ မြင်တယ်။

ဟင်္သာ။ ။ နောက်တစ်ခုက ဒေါ်စုပြောတဲ့အချိန်မှာ NCAဘက်ကူးသွားတာက အဲဒီအပေါ်မှာ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။

နိုင်ဟံသာ။ ။ ဒီကိစ္စကိုလည်း ဆရာတို့ ပြောပါတယ်။ ဒါတွေကို ဘယ်လိုသွားမလဲ၊ NCAအတိုင်းသွား မလား၊ NCA ကိစ္စပြီးမှ အရင်ရည်ရွယ်ထားတဲ့အတိုင်း အဆင့်ဆင့်တက်သွားမယ်ဆိုရင် ဒီနှစ်လအတွင်း ရည်ရွယ်ထားတာက မလုံလောက်ဘူး။ ဒါပေမယ့် အဲဒီလိုမသွားဘူးဆိုရင် နည်းလမ်းတော့ ရှိတယ်။ ၁၉၆၃ ခုနှစ် ဦးနေဝင်း အစိုးရအသစ်တက်တုန်းက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေးကို ဦးနေဝင်း ကြေညာလိုက်တယ်။ ပြီးတော့ ဦးနေဝင်း ဖိတ်ကြားလိုက်တယ်။ အကုန်လုံးပါဝင်သွားတယ်။

ဟင်္သာ။ ။ ဆရာတို့အနေနဲ့ NCA လက်မှတ်ထိုးဖို့ရှိလား။

နိုင်ဟံသာ။ ။ NCAကို လက်မှတ်ထိုးနိုင်မလားဆိုတာကို အဲဒီလမ်းကြောင်းနဲ့သွားမယ်ဆိုရင် ဖြစ်အောင် လုပ် ရမယ်။ ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ တပ်ပေါင်းစုအနေနဲ့ ရပ်တည်မယ်။ အဖွဲ့အစည်းအား လုံးပါဝင်ရမယ် မပါဝင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ရည်ရွယ်ချက်က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဥပမာပြောရရင် တောမီးလောင်နေတယ်။ တစ်ဝက်တစ်ပျက်နဲ့ပဲ မီးကိုငြှိမ်းသတ်လိုက်တော့ ချန်ထားမယ်ဆိုရင် လေတိုက်လာရင် ဆက်ပြီးကူးသွားလိမ့်မယ်။ အဲဒါကြောင့် တကယ့်စစ်မှန်တဲ့ စေတနာအမှန်စင်စစ်ဆိုရင် နည်းလမ်းရှာပြီးတော့ အပစ်ခတ်ရပ်စဲရေးကိုလည်း အားလုံးပါဝင်နိုင်ရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း အားလုံးပါဝင်ရမယ်။ ဒါမှ အဓိပ္ပာယ်ရှိမယ်။

ဟင်္သာ။ ။ ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့ ပူးပေါင်းလုပ် ဆောင်သွားမယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကိုလိုလားနေသလို တစ်ဖက်က လည်း စစ်တွေဖြစ်နေတယ် အဲဒီအပေါ်မှာ ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။

နိုင်ဟံသာ။ ။ ဒီကိစ္စက ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်လည်း ပြောခဲ့တာ ကြာပြီ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံးက စစ်တပ်ပဲ။ စစ်တပ်က စစ်တိုက်နေရတယ်။ ဒါပေမယ့် စေတနာအမှန်ဖြစ်ရမယ်။ စေတနာအမှန်ဖြစ် ရမယ်ဆိုတာက သူတို့ရဲ့စစ်တပ်က ထားပြီးတော့ ကျွန်တော်တို့ စစ်တပ်က ဖျက်သိမ်းရမယ်။ လက်နက်ချရမယ်။ အဲဒီလိုသွားမယ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူး။

ဟင်္သာ။ ။ ဆရာအနေနဲ့ မွန်ပြည်သူတွေအတွက် ဘာများပြောချင်ပါသလဲ။

နိုင်ဟံသာ။ ။ မွန်ပြည်သူတွေလည်း ပြည်တွင်းရှိ မွန်နိုင်ငံရေးပါတီတွေကို ပေါင်းစည်းဖို့အတွက် ဝိုင်းဝန်း တွန်း အားပေးကြပါ။ အချို့ကပြောကြတယ် ဒီခေတ်တော့ ဒီမိုကရေစီခေတ် ပါတီသုံးလေးခုရှိရမယ် လို့ ပြောနေကြတယ်။ အမှန်တကယ်တော့ အမျိုးသားရေးအခွင့်အရေးမရခင်မှာတော့ စည်းလုံးညီညွတ်ဖို့ လိုတယ်။ အခုအချိန်မှာတော့ ပါတီသုံးလေးခုကို ခိုင်မြဲအောင်လုပ်နေတာ မဖြစ်သင့်ဘူးလို့ မြင်တယ်။ မွန်ပြည်နယ်အစိုးရဖြစ်ပြီဆိုရင် သုံးလေးပါတီဖြစ်တာ အရေးမကြီးတော့ဘူး။

ရွှေရိုး

Leave a Reply