မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဘုရားသုံးဆူတွင် တွေ့မည်

ပြီးခဲ့သည့်နှစ်က နှစ်ဖက် ထိပ်တိုက် ပစ်ခတ်မှုများအတွက် မွန်ပြည်သစ်နှင့် ကရင် အမျိုးသား အစည်းအရုံးတို့ တွေ့ဆုံ ညှိနှိုင်းခဲ့စဉ်။

မော်လမြိုင်၊ မတ် ၁၂

နှစ်ဖက် ပစ်ခတ်မှုများကို ဖြေရှင်းရန်အတွက် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့ မတ် ၁၃ ရက်တွင် ဘုရားသုံးဆူမြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

နှစ်ဖက် တာဝန်ရှိသူများ တွေ့ဆုံမည့် ကိစ္စကို မတ်လ ၁၂ ရက်က ပြုလုပ်သည့် မွန်အမျိုးသားကိုယ်စားပြုပါတီပေါ်ထွန်းရေး ကော်မရှင် (၂၁)ဦးနှင့် မွန်ပြည်သစ်ပါတီ(NMSP) ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲအပြီး မီဒီယာများ မေးမြန်းရာတွင် နိုင်ဝင်းလှက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နှစ်ဦးနှစ်ဖက်အဖွဲ့တွေ တွေ့ဆုံညှိနှိုင်းကြဖို့ စီစဉ်ထားတယ်။ မနက်ဖြန် ဘုရားသုံးဆူမှာ တွေ့ဖို့ စီစဉ်ထားတယ်”ဟု နိုင်ဝင်းလှက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ဟင်္သာမီဒီယာမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပေ။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့သည် မတ် ၄ ရက်က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနားတွင် တစ်ကြိမ်၊ မတ် ၆ ရက် မုဒုံမြို့နယ်တွင် တစ်ကြိမ် နှစ်ဖက် ထိပ်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။

written by ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်