မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ ပထမဆုံးအကြိမ်တွေ့ဆုံ

မော်လမြိုင်၊ မေ ၂၂

မွန်နှစ်ပါတီပေါင်းစည်းပြီး ထွက်ပေါ်လာသော မွန်ညီညွတ်ရေးပါတီ (MUP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ မွန်ညီညွတ်ရေး ပါတီတရားဝင်မှတ်ပုံတင်ခွင့်ရရှိပြီးနောက် မေလ ၂၂ ရက်နေ့ တွင်ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များထံ မှသိရှိရသည်။

မွန်အမျိုးသားညီလာခံမှ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မေလ ၂၂ ရက်နေ့က မော်လမြိုင်မြို့၊ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းပညာအထောက်အ ကူပြုအဖွဲ့ (TAT) ရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“မွန်အမျိုးသားညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ တွေ့ဆုံဆွေး နွေးတာ ဖြစ်တယ်၊ ဒါကတော့ နှစ်ပါတီပေါင်းပြီးနောက်မှာ မွန်ညီညွတ်ရေးပါတီနာ မည်နဲ့ ပထမဆုံး ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးသည့်ကိစ္စနှင့် ပတ်သက်ပြီး မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှု အဖွဲ့အစည်းများနှင့် မွန်အမျိုးသားရေးလှုပ်ရှားသူများ စသည့် အစုအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်၍ ယင်းအစုအဖွဲ့ကို အနာဂတ်အမျိုးသားရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့အစည်းအဝေးကတော့ အဲဒီအစုအဖွဲ့ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကို ဆွေးနွေး ခဲ့တယ်။ နောက်ပြီး ဒီအဖွဲ့ကို အကောင်အထည်ဖော်နိုင်ဖို့ ထပ်မံတွေ့ဆုံဖို့ကိုလည်း သဘောတူ ထားကြတယ်။ ဒါပေမယ့် ဘယ်နေ့ ထပ်တွေ့ဆုံမလဲဆိုတာကို ပြောဆိုထားတာမရှိသေးဘူး”ဟု နိုင်လယိတမက ပြောသည်။

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပေါင်းစည်းရေးကိစ္စနှင့် မွန်ပြည်သစ်ပါတီနှင့် အစိုးရကြား အပစ်ခတ်တိုက်ခိုက်မှု အခြေအနေအမျိုးမျိုးကြောင့် ၂၀၁၆ ခုနှစ် မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက ပြောသည်။

ယင်းနေ့ ညနေပိုင်းမှာပင် မွန်ပြည်သစ်ပါတီနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း ဦးဆောင်သူများနှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) နှစ်ပါတီထိပ်သီးတွေ့ဆုံဆွေးနွေးမှုမှာ မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်နှင့် နိုင်လွီမွန်၊ မွန်ညီညွတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမ၊ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်၊ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီနှင့် နိုင်အောင်မွန် တို့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အောင်မြတ်

Leave a Reply