မော်လမြိုင် မတ် ၂

မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းမှကျင်းပပြုလုပ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းတို့ တွေ့ဆုံပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၆ နာရီခွဲခန့်က မော်လမြိုင်မြို့ရှိ Royal Hinthar Hotel မှာ တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

“ရည်ရွယ်ချက်နှစ်ခုနဲ့ ဒီပွဲကို လုပ်တာပါ ပထမတစ်ခုက မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအသစ်ရွေးချယ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ မွန်လုပ်ငန်းရှင်အနေနဲ့ ဥက္ကဋ္ဌအသစ်ကို ဂါရဝပြုတဲ့အစီအစဉ်နဲ့ ကျွန်တော်တို့ မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းနဲ့ မွန်ပြည်သစ်ပါတီ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဒါကို ဘယ်လိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့သဘောနဲ့ ကျင်းပတာဖြစ်တယ်”ဟု မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း အထွေထွေအတွင်းရေးမှူး နိုင်ထွန်းလွင်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းမှ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာအား ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ကြပြီး မွန်ဒေသအတွင်းရှိ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ရေးထိုးပြီးသည့်နောက်ပိုင်း စီးပွားရေးကဏ္ဍ နီးနီးကပ်ကပ်လုပ်ဆောင်နိုင်မည့်ကိစ္စရပ်များကို မွန်တိုင်းရင်းသားလုပ်ငန်းရှင်အနေဖြင့် စိတ်ဝင်းတစားနေကြောင်း မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းက ဆိုသည်။

“ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ရော မွန်တိုင်းရင်းသားတွေရော တစ်သားထဲပါပဲ ဒါကတော့ လူမျိုးရေးအရ နေရာဒေသအရ အားလုံးက ညီအစ်ကိုလိုပဲနေကြတော့ စီးပွားရေးကဏ္ဍမှာလည်း NCA ထိုးပြီးတဲ့နောက်ပိုင်းမှာ မွန်ပြည်သစ်ရဲ့ငြိမ်းချမ်းရေးကဏ္ဍကို ထောက်အကူပြုစေဖို့ စီးပွားရေးကဏ္ဍအနေနဲ့လည်း ပူးပေါင်းသင့်တယ်လို့ ကျွန်တော်တို့အသင်းက ယုံကြည်တယ်”ဟု နိုင်ထွန်းလွင်က ထပ်လောင်းပြောကြားသည်။

မွန်ပြည်သစ်ပါတီမှာ လိုအပ်ချက်ရှိသည့် စီးပွားကဏ္ဍအတွေ့အကြုံများကို မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းမှ အတွေ့အကြုံ နည်းပညာပိုင်းဆိုင်ရာများနှင့် အရင်းအနှီးများကို ပေါင်းစပ်နိုင်မည်ဆိုပါက စီးပွားရေးကဏ္ဍတွင် အကျိုးတစ်ရပ်ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်ဒ၏။

မွန်လုပ်ငန်းရှင်အသင်းမှ ကျင်းပပြုလုပ်သည့် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာအား ဂါရဝပြုခြင်းအခမ်းအနားနှင့် မွန်ဒေသအတွင်းရှိ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းကိစ္စကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် အဖွဲ့ဝင်များ မွန်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေရိုး

Leave a Reply