Advertisements

မော်လမြိုင်၊ မတ် ၉

လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ၏ လူထုတွေ့ဆုံပွဲကို အရှေ့တိုင်းတောင် စစ်ဌာနချုပ်(ရတခ)မှ လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပရန် အကြောင်းကြားလာကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

“တပ်မတော်(ရတခ)ဘက်က ကျွန်တော်တို့ စီစဉ်ထားတဲ့ လူထုတွေ့ဆုံပွဲတွေဟာ လူဦးရေ များတယ်လို့ ပြောတယ်၊ အကြောင်းပြချက်ပေါ့၊ သူတို့က ၂၀၊ ၃၀ ထက် မပိုစေနဲ့လို့ ပြောလာတယ်၊ နောက်ပြီး မြို့နဲ့ နီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းချုံ လုပ်စေချင်တဲ့ သဘောပေါ့”ဟု ၎င်းက ဆိုသည်။

ထိုလူထုတွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ၏ ခရိုင်အခြေစိုက်ဒေသများတွင် ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ အကန့်အသတ်ဖြင့် လုပ်ဆောင်ရန် ပြောဆိုလာမှုကြောင့် ရပ်ဆိုင်းထားကြောင်း ၎င်းက ပြောသည်။

တပ်မတော်မှ လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပရန် အကြောင်းကြားလာသည့် အခြေအနေများကို ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တို့ကို တင်ပြသွားမည်ဖြစ်ကြောင်း နိုင်းဝင်းလှက ပြောဆိုသည်။

ယခုကဲ့သို့ မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲကို လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပရန် အကြောင်းကြားသည့် ကိစ္စနှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ဟင်္သာမီဒီယာက ဖုန်းဖြင့် ကြိုးစား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပေ။

“တပ်မတော်(ရတခ)က လူဦးရေ အကန့်အသတ်တာ ၃၀လောက်ပဲ လုပ်ပါ၊ နောက်ပြီး တပ်(NMSP)မိသားစုပဲ လုပ်ပါဆိုတာက မဖြစ်သင့်ဘူးလို့ ထင်တယ်” ဟု မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးက ပြောဆိုသည်။

ထိုသို့ အကန့်အသတ်ဖြင့် လုပ်ဆောင်ရန် ပြောဆိုလာမှုသည် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် တပ်မတော်၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုအောက်မှာ လက်နက်ကိုင် တိုင်းရင်းသားများ သာမကဘဲ ပြည်သူလူထုပါ အမြင်မှားပြီး ယူဆလာပါက ကောင်းသည့် လက္ခာတစ်ရပ် မဟုတ်ကြောင်း ၎င်းက ဝေဖန်ပြောဆိုသည်။

မွန်ပြည်သစ်ပါတီသည် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းမီ ၎င်းတို့၏ တပ်တည်ရှိရာ ခရိုက်အခြေစိုက် ဒေသ ငါး ခုမှာ လူထုတွေ့ဆုံပွဲ တစ်ခုလျှင် လူဦးရေ ၂၅၀ ဖြင့် ကျင်းပရန် စီစဉ်ထားသည့်အပြင် မတ်လ ၁၀ ရက် မှ ၂၇ ရက်အတွင်း အပြီး လုပ်ဆောင်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့် လပိုင်းတွင်လည်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထိုကဲ့သို့ လူထုတွေ့ဆုံပွဲ ကျင်းပရန် စီစဉ်ထားမှုကို တပ်မတော်မှ နေရာ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ဦးဆောင် ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်မှာ ကျင်းပသွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချမှတ်ထားသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က လာဟူးဒီမိုကရက်တစ် အစည်းအရုံးနှင့်အတူ လက်မှတ်ရေးထိုးထားသည်။

Hinthar Digital Team

Leave a Reply