Advertisements

မော်လမြိုင်၊ ဧပြီ ၂၂

မွန်လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မွန်ပြည်သစ်ပါတီ၏ NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲကို ရေးမြို့နယ်ရှိ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ၊ ဝယ်ဇင်စခန်းတွင် ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ဝင်းလှက ဧပြီ ၂၀ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီ၏ ပထမအကြိမ် NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲကို ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ ညီစားစခန်းမှာ ပြုလုပ်ခဲ့ပြီး၊ ယခုအခါ ဒုတိယအကြိမ် ရှင်းလင်းပွဲကို ဝယ်ဇင်စခန်းမှာ ဧပြီ ၂၆ ရက်မှ ၂၇ ရက်အထိ နှစ်ရက်တိုင်တိုင် ပြုလုပ်သွားရန် စီစဉ်ထားသည်။
“ဒီရှင်းလင်းပွဲမှာ NCA လုပ်ငန်းစဉ် အကြောင်းနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အကြံပြုချက်တွေ ရယူမှာ ဖြစ်ပါတယ်”ဟု နိုင်ဝင်းလှက ဆိုသည်။

ထိုရှင်းလင်းပွဲသို့ မွန်ပြည်သစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အရပ်ဘက်အဖွဲ့အစည်း CSO များ၊ ဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်တို့မှ ကိုယ်စားလှယ် ၂၅၀ ဦး ကျော် တက်ရောက်ရန် ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

ယခု NCA လုပ်ငန်းစဉ် ရှင်းလင်းပွဲပြီးပါက မွန်လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လာမည့် မေလ ၅ ရက်မှ ၇ ရက်နေ့အထိ သုံးရက် တိုင်တိုင် ရေးမြို့တွင် လုပ်ဆောင်သွားရန် ရှိနေပြီး ထိုပွဲအတွက် ကျင်းပရေး ကော်မတီ ဖွဲ့စည်းရန် ကြိုးပမ်းနေပြီ ဖြစ်သည်။

အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ချမှတ်ပေးထားသည့် ကဏ္ဍကြီး လေး ရပ်ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် မွန်ပြည်သစ်ပါတီ ဦးဆောင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းပေးထားသည်။

ထိုကြီးကြပ်မှု ကော်မတီတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ကိုယ်စားလှယ် သုံးဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ် သုံး ဦး နှင့် နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ် သုံး ဦး ၊ စုစုပေါင်း ကိုး ဦးဖြင့် ဖွဲ့စည်းပေးထားသည်။

Written by ဂေထော

Advertisements
<

Leave a Reply