”အားလုံးကတော့ ဖက်ဒရယ်ပြည်ထောင်စုကို
သွားဖို့အမြင်တူကြတယ်”

ကချင်ပြည်နယ် မိုင်ဂျာရန် တွင် ၄ ရက်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ် ဗိုလ်ချုပ် နိုင်လယီဂကောင်း နှင့် တွေ့ဆုံကာ အဆိုပါ ဆွေးနွေးပွဲ အကြောင်းအရာများနှင့် ဆုံးဖြတ်ချက်အားကို ဟင်္သာမီဒီယာမှ
မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
Naing-La-Yee-Kg


ဟင်္သာမီဒီယာ ။ ။ မိုင်ဂျာယန်ညီလာခံကိုဘယ်လိုကြောင့် တိုင်းရင်းသားတွေပေါင်းစုပြီးလုပ်ဖြစ်တာလဲ။

ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ မိုင်ဂျာယန်ညီလာခံကတိုင်းရင်းသားတွေအချင်းချင်းဘုံသဘောတူချက်တစ်ခုထဲထွက်အောင်လုပ်တာဖြစ်တယ်၊ ထွက်လာတဲ့ ကိစ္စရပ်တွေကို ၂၁ ရာစုပင်လုံညီလာခံမှာဆွေးနွေးဖို့ဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးလက်မှတ်
မထိုးထားရောထိုးတာရောပေါ့၊ အားလုံးဦးတည်ချက်က တူညီကြတယ်၊ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကိုထူထောင်ဖို့ဖြစ်တယ်၊NCA လက်မှတ်ထိုးသည် ဖြစ်စေမထိုးသည်ဖြစ်စေ တိုင်းရင်းသားအားလုံးကတူညီကြတယ်၊ လုပ်နည်းလုပ်ဟန်ပဲမတူညီကြတာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ တိုင်းရင်းသားတွေ အချင်းချင်း ဆွေးနွေးတဲ့နေရာမှာ လုပ်နည်းလုပ်ဟန်မတူညီကြတာတွေ နောက်ပြီး ဘယ်လိုသဘောထားမတိုက်ဆိုင်တဲ့အပိုင်းတွေရှိနေတာလဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ တိုင်းရင်းသားတွေ အချင်းချင်းက အခြေအနေချင်းမတူကြဘူးလေ၊ ရေမြေချင်းလည်းမတူကြဘူးလေ၊ အခုနောက်တစ်ခါ အဖွဲ့အစည်းတွေလည်း မတူညီကြဘူးလေ၊ အဲဒါကျတော့ ကွဲလွဲချက်တော့ အနည်းအငယ်ရှိတာပေါ့၊တစ်ခုကျတော့ရည်ရွယ်ချက်တွေက အားလုံးတူညီကြတယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့တော့ တူညီကြတယ်။

ဟင်္သာမီဒီယာ ။ ။ လေးရက်တာကျင်းပခဲ့တဲ့ မိုင်ဂျာယန်ညီလာခံမှာဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်လဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ အဓိက ၂၁ ရာစု ပင်လုံညီလာခံမှာ တင်သွင်းမယ့်ပင်လုံလက်စွဲမူကြမ်း၊ ဖက်ဒရယ်ပြည်ထောင်စုမူကြမ်းရယ်၊ နောက်တစ်ခုက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး မူဝါဒ၊ နောက်စာတမ်း တစ်စောင်ကနိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို NCA လက်မှတ်
ရေးထိုးတဲ့ ၈ ဖွဲ့နဲ့ အစိုးရနဲ့ ရေးထားတဲ့နိုင်ငံရေးမူဘောင်ကို ပြင်လွယ်ဖျက်လွယ်အောင်ပြန်လုပ်ကြတာပါ။

ဟင်္သာမီဒီယာ ။ ။ ပင်လုံလက်စွဲမူကြမ်းကိုဘယ်လိုကြောင့်ဆွေးနွေးဖြစ်တာလဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ အဓိကက ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးဆွေးနွေးဖို့ဟာတိုင်းရင်းသားများရဲ့ပြည်နယ်ပေါင်းစုပြည်ထောင်စုနိုင်ငံဖြစ်အောင်ပေါ့၊ အဲဒီဟာက ပင်လုံလက်စွဲမူကြမ်းမှာပါတယ်၊ ၁၉၄၇ ဖွဲ့စည်းပုံအရပေါ့၊ အဲဒါကို အခြေခံပြီးမှ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာ ဖြစ်တယ်၊ ပင်လုံလက်စွဲမူကို အခြေခံမယ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ အခြေခံမူ ရှစ်ချက်ကို ပေါင်းပြီးတော့မှ ၂၁ ရာစုပင်လုံ ညီလာခံမှာ ဆွေးနွေးဖို့ဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ ဖက်ဒရယ်ဖွဲ့စည်းပုံအတွက်ဆွေးနွေးတဲ့နေရာမှာဘယ်လိုစနစ်မျိုးနဲ့သွားဖို့ကို တိုင်းရင်းသားတွေ အချင်းချင်းအပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့လဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ဖက်ဒရယ်မူ ရှစ်ချက်မှာ နံပါတ်တစ်က အချုပ်အခြာအာဏာ၊ နံပါတ်နှစ်က တန်းတူရေး၊ နံပါတ်သုံးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နံပါတ်လေးကစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုမူ၊နံပါတ်ငါးကတိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးကို ကာကွယ်ခြင်း၊ နံပါတ်ခြောက်ကဒီမိုကရေစီအခွင့်အရေး၊အခြေခံအခွင့်အရေးနှင့် ကျားမ ဆိုင်ရာ တန်းတူညီမျှမှု၊ နံပါတ်ခုနှစ်က ပါတီစုံဒီမိုကရေစီ၊ နံပါတ် ရှစ်က နိုင်ငံရေးကို အခြေမခံသော နိုင်ငံ၊ အဲဒီအခြေခံရှစ်နဲ့ လာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့အတွက်ဆွေးနွေးခဲ့တယ်။

ဟင်္သာမီဒီယာ ။ ။ တိုင်းတွေကို ပြည်နယ်ပြောင်းလဲဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တာလေးကို နည်း
နည်းလောက် ရှင်းပြပေးလို့ရမလား။

ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ရှေ့လာမယ့် ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုမှာအဓိကကိစ္စတိုင်းရင်းသားပြည်နယ်များကိုပေါင်းစုတဲ့ ပြည်ထောင်စုပေါ့၊ ဗမာလည်း ပြည်နယ်ယူ
လို့ရတာပေါ့၊ ရှစ်ပြည်နယ် ပုံစံမျိုးပေါ့၊ဒါပေမယ့်အချို့တိုင်းတွေ၇ တိုင်းက လူမျိုးပေါင်းစုံရှိတယ်၊ ဥပမာ ဧရာဝတီတိုင်းဆို ကရင်လည်းရှိ ဗမာလည်းရှိ မွန်လည်းရှိ အကုန်ရှိတယ်၊ အဲလိုဖြစ်နေတဲ့ တိုင်းတွေကို အမျိုးသားပြည်နယ်ပုံစံပေါ့၊ တိုင်းတွေဆို တစ်မျိုးဖြစ်နေတယ်၊ ကျွန်တော်တို့က ပြည်နယ်တွေကိုပေါင်းပြီး ပြည်ထောင်စု ဖြစ်ချင်တာ ဗမာပြည်နယ်ကျတော့ရှိတဲ့တိုင်းတွေမှာဘယ်တိုင်းလိုချင်လဲပေါ့၊အမျိုးသားများ ပြည်နယ်နဲ့ အမျိုးသားပြည်နယ်ပေါ့၊ အဲဒီပုံစံ
အပေါ်မှာ မူတည်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ ဖက်ဒရယ်ဖွဲ့စည်းပုံကိုဆွေးနွေးတဲ့နေရာမှာအာဏာခွဲဝေသုံးစွဲရေးအပိုင်းလေးကိုပြောပြပေးပါလား။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ဗဟိုနဲ့ ပြည်နယ်အာဏာခွဲဖို့အတွက်ကျတော့ ဖက်ဒရယ်အဓိပ္ပါယ်အတိုင်းဆွေးနွေးခဲ့တယ်၊ အသေးစိတ်ကျတော့မဆွေးနွေးဖြစ်ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကဘယ်လိုလာမှန်း မသိသေးဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာရတဲ့အဖြေရမှ ကျွန်တော်တို့အာဏာခွဲလို့ရမှာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ နိုင်ငံရေးမူဘောင်အချက်တချို့ကိုပြင်ဆင်ဖို့ ဆွေးနွေးခဲ့ဖြစ်တာနဲ့ ပတ်
သက်ပြီး ဘယ်အချက်ကို ပြုပြင်သွားမှာလဲ။

ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ လောလောဆယ် စုဖွဲ့မှုနဲ့ သုံးပွင့်ဆိုင်ကို အရင်တင်ထားတယ်၊ နောက်မကျခင်မှာ UNFC တပ်ပေါင်းစုအဖွဲ့နဲ့ UDN နဲ့ NCA လက်မှတ်
ထိုးထားတဲ့ အဖွဲ့ရှစ် CD နဲ့ ညှိနှိုင်းပြီး မူဘောင်ကိုပြင်ဖို့ရှိတယ်၊အကြမ်းဖျင်းပေါ့၊ ပြင်ပြီးမှ တရားဝင်အစည်းအဝေးတက်တဲ့အခါမှာ အစိုးရနဲ့ လက်မှတ်ထိုး
ထားတဲ့အဖွဲ့နဲ့ အစိုးရက ဖွဲ့ထားတဲ့ UPJC ရှိတယ်၊ အဲဒီဖွဲ့တွေကမူဘောင်ကိုပြင်ဆင်ဖို့ရှိတယ်၊ပြင်ဆင်ဖို့ကလက်မှတ်မထိုးထားတဲ့အဖွဲ့တွေလာနိုင်အောင်
ကိုက်ညီအောင် နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မှာထားတာရှိတယ်၊ပြုလွယ်
ပြင်လွယ်ဖြစ်အောင် ပြင်ဖို့ပါ။

ဟင်္သာမီဒီယာ ။ ။ နိုင်ငံရေးမူဘောင်မှာကဘယ်လိုအားနည်းချက်တွေ ရှိနေတာလဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ယခင်အစိုးရလက်ထက်ကပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆွေးနွေးပွဲ အရင်လုပ်ခဲ့တယ်၊ အဲမှာ သူတို့ရဲ့စုဖွဲ့မှုက ညီလာခံမှာ လူအင်အား ၇၀ဝ နဲ့ စုဖွဲ့မှု ပုံစံမျိုးဖြစ်သွားတယ်၊ ကျွန်တော် အရင်ကNCA မှာဖြစ်တဲ့ သုံးပွင့်ဆိုင် ပုံစံမျိုးမဟုတ်တော့ဘူး၊ ဥပမာ တပ်
မတော် ၁၅၀ တစ်စုရခဲ့တယ်၊အစိုးရနဲ့ လွှတ်တော်က ၁၅၀၊တရားဝင်ပါတီက တစ်စု၊ တိုင်းရင်းသားကိုယ်စားလှယ်ကတစ်စုပေါ့၊ နောက်ဖိတ်ကြားသင့်တဲ့လူတွေကတစ်စု ဦးရေတော့ မတူကြဘူးပေါ့၊အဲလိုကျတော့၅ ပွင့်ပုံစံမျိုး၊ ၇ ပွင့်ပုံစံမျိုး ဖြစ်နေတယ်။

ဟင်္သာမီဒီယာ ။ ။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးမူဝါဒတွေကို ဆွေးနွေးတဲ့ နေရာမှာ တပ်မတော်တစ်ခုထဲဖြစ်ဖို့အတွက် ဘယ်လိုတွေအပြန်အလှန်တိုင်ပင်ဆွေးနွေးခဲ့လဲ။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ သဘောက တစ်ပြည်လုံးမှာ တပ်မတော် တစ်ခုပဲဖြစ်ရမယ်၊ ကျွန်တော်တို့ဖြစ်ချင်တဲ့တပ်မတော်က ပြည်နယ်အလိုက် တပ်တွေရှိရမယ်၊ အဲဒီပြည်နယ်တပ်တွေကို အားလုံးက အချိုးတူ ပြည်နယ် ၇ ပြည်နယ်မှာဆို ၇ ပြည်နယ် ၁၀ ပြည်နယ်ဆို ၁၀ ပြည်နယ်ပေါ့၊ အချိုးတူရှိတဲ့ လူဦးရေနဲ့တပ်တွေဖွဲ့မှာဖြစ်တယ်၊ လူဦးရေရဲ့ ဒဿမ ၅ ရာခိုင်နှုန်းလား၊ လူဦးရေနဲ့ တပ်တွေဖွဲ့မှာပေါ့၊ တစ်ပြည်နယ်မှာ တစ်သောင်းဆို တစ်သောင်ပေါ့ အချိုးကျပေါ့၊ နောက်ပြီး ဗဟိုမှာ တပ်မတော် တစ်ခုရှိတယ်၊ ဒါပေမယ့် အားလုံးက ဖက်ဒရယ်တပ်မတော်ပဲ၊အမိန့်ကတော့ ဗဟိုတပ်မတော်မှာအာဏာရှိတာပေါ့၊စစ်ဦးစီးချုပ်ကအလှည့်
ကျပေါ့ စစ်ဦးစီးချုပ်ရှိမယ်၊ ဒုစစ်ဦးစီးချုပ်ရှိမယ်၊ နောက်ပြီး ကြည်းရေလေစစ်ဦးစီးချုပ်တွေ ရှိမှာပေါ့၊စစ်ဦးစီးချုပ်ကအလှည့်ကျပေါ့၊ ဗမာပါမယ်၊ မွန်ပါမယ်၊ ကရင်ပါမယ်၊ အလှည့်ကျစစ်ဦးစီးချုပ်လုပ်ရမှာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ တပ်မတော်ဘက်က ဒီကိစ္စကို လက်ခံလာနိုင်လား။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ကျွန်တော်တို့ ဒီကာကွယ်ရေးဆိုင်ရာမူဝါဒကိုတင်တဲ့အခါ ကျွန်တော်အခု မတင်ရသေးဘူး၊ ကျွန်တော်တို့က လက်မှတ်မထိုးရသေးဘူးလေ၊ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ရည်ရွယ်ချက်ကနိုင်ငံရေးဆွေးနွေးပွဲကရလဒ်တွေနဲ့တပ်ကိုလာမှာဖြစ်တယ်၊နိုင်ငံရေးဆွေးနွေး
ပွဲအတွက်ကိုယ်ဘက်ကကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ၊အသေးစိတ်တော့မသိနိုင်သေးဘူး၊ ဒီနိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်သွားရင်တော့ တပ်တွေအကုန်ပေါင်းရမှာ ဖြစ်တယ်၊ တပ်တွေကို တိုးလို့လည်းရတယ်၊ လျော့လို့လည်းရတယ်၊သဘောက အချိုးတူပေါ့၊ DDR ပဲပြော SSR ပဲပြော၊ DDR လုပ်မယ်ဆိုတာနဲ့ တိုင်းရင်းသားတပ်တွေ အကုန်ဖြုတ်ရမှာလေ၊ DDR ရဲ့ အဓိပ္ပါယ်က တိုင်းရင်းသား တပ်တွေ အကုန်ဖြုတ်ရမှာဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ မိုင်ဂျာယန်ညီလာခံက ဆွေးနွေးချက်တွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ တင်တဲ့အခါအစိုးရအသစ်အနေနဲ့ လက်ခံလာမယ်လို့ မြင်လား။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ အစိုးရအသစ် လက်ခံ မခံက နိုင်ငံရေးဆွေးနွေးပွဲရောက်မှပဲ သိရမယ်၊ ဒါက သူတို့ရဲ့ သဘောထားပေါ့၊အဓိက ပြည်နယ်မှာလည်း သူ့ဖွဲ့စည်းပုံနဲ့ သူရှိရမယ်၊ ဗဟို ပြည်ထောင်စုမှာလည်း ဖွဲ့စည်းပုံရှိရမယ်၊ ပြည်နယ်မှာ လွှတ်တော်နှစ်ရပ်ရှိသလိုပြည်ထောင်စုမှာလည်းလွှတ်တော်နှစ်ရပ်ရှိတယ်။ အထက်လွှတ်တော်နဲ့အောက်လွှတ်တော်ပေါ့၊ အထက်လွှတ်တော်ကအမျိုးသားတွေနဲ့ကြည့်ပြီး အောက်လွှတ်တော်က လူဦးရေနဲ့ ကြည့်တာပေါ့၊ အဲဒီလို ပုံစံမျိုးနဲ့ပေါ့။

ဟင်္သာမီဒီယာ ။ ။ လေးရက်တာ ကျင်းပခဲ့တဲ့ ညီလာခံမှာ တစ်ပွဲလုံးနဲ့ ပတ်သက်ပြီး ပါတီရဲ့ သဘောထားကို ပြောပြပေးပါဦး။
ဗိုလ်ချုပ်နိုင်လယီဂကောင်း ။ ။ ကျွန်တော်တို့အနေနဲ့ကျတော့ ဒီညီလာခံကနေ ကောင်းတဲ့ အမြင်တွေရတယ်၊လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေရော လက်မှတ်မထိုးတဲ့အဖွဲ့အစည်းတွေရော နောက်ပြီး NCA မှာ မပါတဲ့ မိုင်းလားတို့က လေ့လာသူ အဖြစ်တက်တယ်၊ အားလုံးက အမြင်ချင်းတူကြတဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖိုအမြင်တူတယ်၊ ၂၁ ရာစု ပင်လုံမှာလက်နက်ကိုင်အဖွဲ့အစည်းတွေရော တရားဝင် ဖိတ်ကြားရမယ့် ပါတီတွေရှိသေးတယ်လေ၊ ကျွန်တော်တို့ကစုဖွဲ့မှုမှာသုံးဖွဲ့နဲ့သွားမှာကိုး၊ သုံးဖွဲ့ဆိုတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်ဖွဲ့၊ တပ်မတော်၊ အစိုးရ၊ လွှတ်တော်က တစ်ဖွဲ့ပေါ့၊တရားဝင်နိုင်ငံရေးပါတီတွေပေါ့၊ သုံးဖွဲ့ပုံစံနဲ့သွားမှာဖြစ်တယ်၊အခုပုံစံကို လူတိုင်းက လက်ခံတယ်။

Leave a Reply