“တိုင်းရင်းသားအားလုံး ရဲ့အကျိုးစီးပွားအတွက် ရပ်တည်ရမယ်ဆိုရင်တော့ သဘောထားကွာခြား နေမယ်လို့မထင်ဘူး”

၂၁ ရာစုပင်လုံညီလာခံတွင် မွန်တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အသံတစ်ခုတည်း ထွက်ပေါ်ရေးအတွက် ကျင်းပသည့် မွန်အမျိုးသားကွန်ဖရင့်တွင် မွန်နိုင်ငံရေးပါတီများ၊ မွန်ပြည်သစ်ပါတီနှင့် မွန်အင်အားစုများက ဆွေးနွေးခဲ့သောအခြေအနေများနှင့်ပတ်သက်၍ ဟင်္သာမီဒီယာက မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ naing han thar

ဟင်္သာမီဒီယာ ။ ။ မွန်နိုင်ငံရေးပါတီတွေ စည်းလုံးညီညွတ်ဖို့နဲ့ပတ်သက်လို့ မွန်အမျိုးသား ကွန်ဖရင့် မှာ ဘာတွေဆွေးနွေးဖို့ အစီအစဉ်ရှိလဲ။
နိုင်ဟံသာ။ ။ ဒါက ကျွန်တော်တို့ ယေဘုယျအားဖြင့် ဆွေးနွေးမယ်။ ယေဘုယျအားဖြင့်ဆိုတာက မွန်တစ်မျိုး သားလုံး စည်းလုံးညီညွတ်ဖို့ကို ဆွေးနွေးပြီးတော့ နှစ်ပါတီစည်းလုံးညီညွတ်မှုရှိဖို့ဆိုတာက အခြားအစီအစဉ်မျိုး နဲ့ စီစဉ်ထားတယ်။ အမှန်တကယ်တော့ ဒီကွန်ဖရင့်မှာ ဆွေးနွေးလို့မရဘူး။ ဒါကတော့ ကျွန်တော်တို့ပါတီမှာ ကျွန်တော်တို့ ကော်မတီ ၅ ဦးနဲ့ဖွဲ့ထားပြီးပြီ။ ဒီကော်မတီက သံဃာတော်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်။ ကျွန်တော်တို့ကော်မတီနဲ့ သံဃာတော်တွေ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ နည်းလမ်းရှာသွားမယ်။ နည်းလမ်းရပြီးရင်တော့ ကျွန်တော်တို့ တစ်ပါတီပြီးတစ်ပါတီ တွေ့ဆုံဆွေးနွေးသွားမယ်။ ဘယ်လိုနည်းနဲ့ ပေါင်းစည်းလို့ရမလဲဆိုတာ အဲဒီလိုနဲ့ ကျွန်တော်တို့ သွားရမယ်။

ဟင်္သာမီဒီယာ ။ ။ ကွန်ဖရင့်မှာ စည်းလုံးညီညွတ်ဖို့ဆိုတာက ဘယ်လိုဆွေးနွေးသွားမလဲ။
နိုင်ဟံသာ။ ။ ဒီကိစ္စက မွန်တစ်မျိုးသားလုံးကို ဦးတည်ပြီးတော့ ဒီအချိန်အခါကာလမှာ စည်းလုံး ညီညွတ် ရမယ်။ အဓိကတော့ ၂၁ ရာစုပင်လုံညီလာခံမှာ ကျွန်တော်တို့ မွန်တစ်မျိုးသားလုံး တစ်သံတည်း ထွက်ပေါ် လာဖို့ ကျွန်တော်တို့အများကြီးဆွေးနွေးရမယ်။ ကျွန်တော်တို့ အမျိုးသား အခွင့်အရေး တစ်ခုကို ပြောဆိုမယ် ဆိုရင် ဥပမာ – ကျွန်တော်တို့ မွန်ပြည်သစ်က ဒီလိုပြောတယ်။ ဟိုပါတီက ဒီလိုပြောတယ်။ ဒီပါတီက ဒီလိုပြောတယ်ဆိုရင် အစိုးရက အကျိုးအမြတ်ထုတ်သွားလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ မွန်တစ်မျိုးသားလုံးက တစ်သံတည်းထွက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးသွားမယ်။ နည်းလမ်းရှာသွားမယ်။ နောက်ဆိုရင်လည်း အသေးစိတ်တွေ အများကြီး ပြောစရာရှိသေးတယ်ဆိုတော့ ကျွန်တော်တို့ ကော်မတီတစ်ခုဖွဲ့စည်းသွားမယ်လို့ စီစဉ်ထားတယ်။ ပြီးတော့မှ ထပ်ပြီးတော့ တိုင်ပင်ဆွေးနွေးသွားမယ်။

ဟင်္သာမီဒီယာ ။ ။ ၂၁ ပင်လုံညီလာခံနဲ့ပတ်သက်ပြီး ဆရာတို့ ဘာတွေ ပြင်ဆင်ထားတာရှိလဲ။
နိုင်ဟံသာ။ ။ ဒီနေ့စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူကို ကျွန်တော်တို့ ဆွေးနွေးနေတယ်ဆိုတာက အခြေခံမူတွေက ဘယ်လိုပြီးပြည့်စုံမှုရှိရမလဲ။ ဒါကို ဒီနေ့ဆွေးနွေး နေတယ်။ အမြင်ဖလှယ်နေတာတွေ ရှိတယ်။ အဓိကတော့ အနာဂတ်မှာ စစ်တပ်ကို တည်ဆောက်ဖို့ ဘယ်လိုပုံစံ ချမှတ်မလဲ။ ကိုယ့်အတွက်လည်း တာဝန်ယူမှုရှိဖို့ အဲဒါတွေကို ကျွန်တော်တို့ ဆွေးနွေးနေတယ်။

ဟင်္သာမီဒီယာ ။ ။ အခုဆရာတို့ဆွေးနွေးနေတဲ့ ဖက်ဒရယ်အခြခံမူဝါဒကို အချုပ်အားဖြင့်တော့ ရနေပြီပေါ့နော်။ အဲဒါ ဘယ်ဟာတွေပါလဲဆရာ။
နိုင်ဟံသာ။ ။ အဓိက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကျွန်တော်တို့ ဘာလိုလဲဆိုတာ က ဘယ်လိုလဲဆိုတော့ အမျိုးသားပြည်နယ်ကို အခြေခံရမယ်။ နောက်တစ်ခုက အမျိုးသားများ ပြည်နယ် ကျွန်တော်တို့ အဲဒီလိုရည်ရွယ်ထားတယ်။ ဥပမာ – တနင်္သာရီဒေသတို့လိုမျိုး ဧရာဝတီဒေသတို့လိုမျိုးကျတော့ လူမျိုးတစ်မျိုးတည်းအများစုနေထိုင်နေတာမဟုတ်တော့ ရောနှောနေတယ် ဆိုတော့ အဲဒါကို အမျိုးသားများ ပြည်နယ်။ ဒါပေမယ့် ကျွန်တော်တို့ အကုန်ုလုံးက ပြည်နယ်ကို အမည်ခံမယ်။ အခု သူတို့ဖွင့်ထားတဲ့ပုံစံကတော့ တိုင်းဒေသကြီးတွေရော ပြည်နယ်တွေရော နှစ်မျိုးဖြစ်နေတယ်။ အဲဒီလိုမဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။ အကုန်လုံးက ပြည်နယ်ဖြစ်ရမယ်။ ဗမာတိုင်းရင်းသားတွေလည်း ပြည်နယ်တစ်ခုဖြစ်ရမယ်လို့ ကျွန်တော် တို့မြင်တယ်။ ကျွန်တော်တို့က အဲဒီလိုရပ်တည်သွားမယ်။ ဒါကတော့ ကဏ္ဍတစ်ခုပေါ့လေ။ နောက်ပြီးတော့ ဖက်ဒရယ်နိုင်ငံဆိုတော့ ပြည်ထောင်စုနိုင်ငံမှာ လွှတ်တော်နှစ်ခုရှိရမယ်။ ဒါကတော့ အခြေခံကျကျကနေ လွတ်မသွားဘူး။ အောက်လွှတ်တော်က ပြည်သူ့လွှတ်တော်၊ အထက်လွှတ်တော်က အမျိုးသားလွှတ်တော်။ အမျိုးသားလွှတ်တော်အတွက်က အမျိုးသားပြည်နယ်ထဲက ကိုယ်စားလှယ်တွေကို အချိုးကျရွေးချယ်ပေးရမယ်။ ဒီကိုယ်စားလှယ်တွေကလည်း ကိုယ့်ပြည်နယ် ကိုယ့်လွှတ်တော်ကနေ ရွေးချယ်ပြီးတော့ ပို့ပေးရမှာဖြစ်တယ်။ အခုကျတော့ ဆန္ဒမဲရွေးပြီးတော့ တိုက်ရိုက်တက်သွားတယ်။ အဲဒီလို တိုက်ရိုက်တက်သွားတာကို ကျွန်တော်တို့မလိုချင်ဘူး။ အဲဒီလိုဆိုရင် အဆက်အသွယ်ပြတ်နေကြတယ်။ အချင်းချင်းလည်း ပြောဆိုလို့မရဘူး။ ဆိုလိုချင်တာက ကျွန်တော်တို့ကိုယ်စားလှယ်တွေကိုပဲ ကျွန်တော်တို့ ရွေးပြီးတော့ လွှတ်တော်မှာ နေခိုင်းမယ်။ ကျန်တာတွေလည်း အများကြီးရှိသေးတယ်။ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ဆိုရင်တော့ ကိုယ့်လူမျိုးရဲ့ကံကြမ္မာကို ကိုယ်ကိုယ်တိုင်ဖန်တီးယူမယ်။ ပြောရမယ်ဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ။ တစ်နိုင်ငံလုံးအာဏာဆိုရင်တော့ နိုင်ငံခြားဆက်ဆံရေးတွေကအစ တစ်နိုင်ငံလုံး လုံခြုံရေးတွေ၊ နိုင်ငံခြားကူးသန်းရောင်ဝယ်ရေးကိစ္စတွေ ၊နိုင်ငံခြားဆက်ဆံရေးတွေ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေ၊ ပိုက်ဆံရိုက်ထုတ်တာကအစ ကိုယ့်ပြည်နယ်တစ်ခုထဲလုပ်လို့မသင့်တော်တဲ့ကိစ္စရပ်တွေကိုတော့ အဲဒီအာဏာတွေက နိုင်ငံကို အပ်နှံရမယ်။ ကျန်တဲ့အာဏာတွေက သူ့ပြည်နယ်နဲ့သူ ဖန်တီးယူမယ်။ ကျွန်တော်တို့က အဲဒီလိုအခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ်။

ဟင်္သာမီဒီယာ။ ။ ဒီဆုံးဖြတ်ချက်က ၂၁ ရာစုပင်လုံညီလာခံကို ဆောင်ရွက်သွားဖို့ရှိလား။
နိုင်ဟံသာ။ ။ ဒါက မွန်တစ်မျိုးသားလုံးရဲ့ ဆုံးဖြတ်ချက်ပါပဲ။ တစ်ဖက်ကလည်း ကျွန်တော်တို့အနေနဲ့ UNFC မှာ ဆွေးနွေးနေတယ်။ မိုင်ဂျာယန်မှာလုပ်သွားတုန်းက လက်နက်ကိုင်အများစုကို ကျွန်တော်တို့ ဖိတ်ထားတယ်။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေရော အကုန်လုံးက ဖိတ်ထားတယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေဘက်က နိုင်ငံရေးပါတီတွေ UNA တို့ NPF တို့ အဲဒီအဖွဲ့တွေလည်း ဖိတ်ထားတယ်။ အမျိုးသမီးအဖွဲ့တွေလည်း ရှိသေးတယ်။ ပညာရှင်တွေ အကုန်လုံး ကိုဖိတ်ထားတယ်။ အဲဒီမှာ ဆွေးနွေးပြီးတော့ အမြင်တွေကို ညှိနှိုင်းတိုင်ပင်ထားတာရှိတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ အမျိုးသားအခွင့်အရေးတွေ ပြည့်ပြည့်စုံစုံရရှိဖို့ တိုင်းရင်းသားလက် နက်ကိုင်တွေရော၊ တိုင်းရင်းသားလက်နက်မကိုင်တွေရော တိုင်းရင်းသားအဖွဲ့ အစည်းတွေအားလုံး အတူတကွရပ်တည်ကြဖို့ အချင်းချင်းဆွေးနွေးတိုင်ပင်ပြီးတော့ အတူတူရပ်တည် ကြဖို့အတွက် ဘယ်လိုပြောရင်ကောင်းမလဲ။ ဘယ်လိုအသုံးနှုန်းတွေ အသုံးပြုရင်ကောင်းမလဲ။ ကျွန်တော်တို့ ပါတီရဲ့အမြင် သဘောထားနဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အမြင်သဘောထားတွေ သိပ်ပြီးကွားခြားမှုမရှိဘူး။ အချို့နေရာမှာဆိုရင် ကျွန်တော်တို့က သူတို့ကို ရှင်းပြတယ်။ သူတို့လည်း အချို့နေရာတွေမှာဆိုရင် အဆိုတင်သွင်းတယ်။ ထူခြားမှုရှိရင်တော့ တိုင်းရင်းသားတွေနဲ့ ပြန်ညှိနှိုင်းမယ်။ နောက်ဆုံးအနေနဲ့ဆိုရင် ကိုယ့်လူမျိုးနဲ့ကိုယ်ဆက်သွားနေရင်လည်း ခရီးမရောက်ဘူး။ ဖိနှိပ်ခံတိုုင်းရင်းသားတွေအားလုံး အသံတစ်သံတည်းဖြစ်ဖို့က ကျွန်တော်တို့ကြိုးစားနေတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့အနေနဲ့ ၂၁ ရာစုပင်လုံမှာ ဘာတွေဆွေးနွေးဖို့ရှိလဲ။
နိုင်ဟံသာ။ ။ ၂၁ ရာစုပင်လုံညီလာခံက သူတို့လုပ်မယ်။ ကျွန်တော်တို့လူတွေက ဟိုကနေပြန်လာတော့ ဒီပွဲက ဖွင့်ပွဲလောက်ပဲ အကျယ်အပြန့်မဆွေးနွေးသေးဘူး။ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမယ်ဆိုရင် အဓိက အရေးကြီးတာ ဘာဆွေးနွေးရမလဲဆိုတာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြ မလဲ။ ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးနဲ့တစ်မျိုး တန်းတူအခွင့်အရေးတွေ ကိုယ့်လူမျိုး ကံကြမ္မာ ကိုယ်ဖန်တီးဖို့ စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်ဖို့ ဒါကတော့ ကျွန်တော်တို့ရဲ့ အခြေခံပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ရပ်တည်ပြီးတော့ ပြောဆိုသွားမယ်။ အသေးစိတ်ဖြစ်တဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေက ဆွေးနွေးရင်းနဲ့တော့ ပေါ်လာမှာပဲ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ ဒီညီလာခံက စပြီဆိုရင် အရေးကြီးအချက်တွေ စဉ်းစားတော့မယ်ဆိုရင် ဥပမာ – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ စိုက်ပျိုးမွေးမြူရေးတို့ စသဖြင့်ပေါ့လေ ညီလာခံက စပြီးတော့ ခေါင်းစဉ်တွေရရင် ကိုယ့်အုပ်စုနဲ့ကိုယ် ပြန်တိုင်ပင်ဆွေးနွေးရမယ်။ ကျွန်တော်တို့က ကိုယ့်လူမျိုးအဝန်းအဝိုင်းမှာ ပြန်ဆွေးနွေးမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်နယ် အချို့နေရာတွေမှာ ကရင်တွေ ပအိုဝ်းတွေကိုလည်း ဖိတ်ကြားရမယ်။ သူတို့က မွန်ပြည်နယ်မှာ ရှိနေတော့ သူတို့ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားရမယ်။ အဲဒါတွေက အရှည်ကြီး ရှိသေးတယ်။ နောက်ပိုင်းဆိုရင် သူ့ကဏ္ဍနဲ့သူ ပေါ်လာရင်တော့ ဆက်ဆွေးနွေးတိုင်ပင်သွားမယ်။

ဟင်္သာမီဒီယာ ။ ။ ဒီကွန်ဖရင့်မှာ မွန်နိုင်ငံရေးပါတီတွေ အစုံမတက်ရောက်နိုင်တဲ့အတွက် ဒီကွန်ဖရင့်မှာ မွန်လူထုရဲ့အသံ စုံနိုင်ပါ့မလား။
နိုင်ဟံသာ။ ။ မွန်နိုင်ငံရေးပါတီက အဓိက နှစ်ပါတီပေါ့လေ။ ပါတီတစ်ပါတီက ကျွန်တော်တို့ဖိတ်ခေါ်ပါ တယ်။ သူတို့က သူတို့ပါတီရဲ့လူကြီးတွေဆုံးဖြတ်ချက်က ပါတီနာမည်ခံပြီးတော့ တက်လို့မရဘူး။ အခုက သူတို့ပါတီပါဝင်တွေ ပုဂ္ဂိုလ်ရေးအရ အများကြီးတက်ရောက်လာတယ်။ ဖိတ်ကြားထားတဲ့အတိုင်းပဲ။ သူတို့ ပြည့်ပြည့်စုံစုံတက်ရောက်လာတယ်။ အဲဒါဆိုရင် သူတို့နဲ့သူတို့ အချင်းချင်းပြန်တိုင်ပင်ဆွေးနွေးမှာပေါ့လေ။ ကျွန်တော်အမြင်ကျတော့ သူတို့က တစ်ခုခုစိုးရိမ်နေလို့ပါ။ သူတို့အခက်တွေ့မှာစိုးလို့ ဒီလိုရပ်တည်တာလား။ သူတို့အကုန်လုံးကလည်း အမြင်သဘောထားတွေ မညီသေးတော့ တက်တဲ့လူကတက် မတက်တဲ့လူက မတက်။ ဒါပေမယ့် သူတို့ အသိအမြင်တွေ ရသွားတယ်။ ဒီက သိရကြားရတာတွေကလည်း သူတို့သဘော ထားနဲ့ မကွာခြားဘူးလို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအားလုံး ရဲ့အကျိုးစီးပွားအတွက် ရပ်တည်ရမယ်ဆိုရင်တော့ သဘောထားကွာခြားနေမယ်လို့မထင်ဘူး။

ဟင်္သာမီဒီယာ naing han thar။ ။ ကွန်ဖရင့်နဲ့ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
နိုင်ဟံသာ။ ။ ၂၁ ရာစုပင်လုံညီလာခံက မကြာခင်ကျင်းပတော့မယ်ဆိုရင်တော့ ကိုယ့်အချင်းချင်းထဲမှာ အနည်းနဲ့အများတော့ တိုင်ပင်ထားရမယ်။ အဲဒီလိုမဟုတ်ရင်တော့ ဥပမာ – မွန်ပြည်သစ်ပါတီကိုယ်စား လှယ်တက်ရောက်တယ် တစ်မျိုးပြောတယ်။ မွန်နိုင်ငံရေးပါတီတွေက တစ်မျိုးပြောတယ်။ မွန်လူမှုအဖွဲ့ အစည်းတွေကလည်း တစ်မျိုးပြောမယ်ဆိုရင် ကိုယ့်လူမျိုးရဲ့အမြင်ကွဲသွားမယ်ဆိုရင် ကိုယ့်လူမျိုးအတွက် နစ်နာစရာတွေဖြစ်လာမယ်။ အခုကျတော့ အချိန်ရသလောက်တော့ ကိုယ့်ချင်းချင်း ညှိနှိုင်းဆွေးနွေးရတယ်။ တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးနေတာ အမြင်သဘောထားကွာခြားမှုသိပ်မရှိပါဘူး။ ဒီလောက်ကျင်းပတာလည်း တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေများတယ်ဆိုတော့ ကျွန်တော်တို့ဝမ်း သာပါတယ်။

Leave a Reply