မော်လမြိုင်၊ မေ ။         ။မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးရန် မေလ ၁၆ ရက်က မွန်ပြည်သစ်ပါတီ(NMSP)နှင့် မွန်ပြည်နယ်အစိုးရတွေ့ဆုံရာတွင် မွန်ပြည်နယ်အစိုးရက တိုက်တွန်းခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်သစ်ပါတီကတော့ NCA လမ်းကြောင်းနဲ့ သွားမယ်။ NCA လက်မှတ်ကို ထိုးဖို့ သူတို့မှာလည်း ဆုံးဖြတ် ထားတဲ့သဘောရှိတာပေါ့လေနော်၊ ပြည်နယ်အစိုးရကတော့ ဒီကြားထဲမှာ NCA လက်မှတ်မြန်မြန်ထိုးစေချင် တယ်။ အဲဒီကိစ္စကိုလည်း ညှိနှိုင်းကြတာပေါ့လေ ကျွန်တော်တို့ ပြည်နယ်အစိုးရကတော့ NCA ကို မြန်မြန်ထိုး စေချင်တယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။
မွန်ပြည်သစ်ပါတီ(NMSP)က NCA လက်မှတ်ကို ထိုးမည်ဆိုပါက ဒေသအကျိုးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ပြည်နယ်အစိုးရတို့ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ပြီး အကောင်အထည်ဖော် မည်ဆိုပါက ပိုပြီးအားကောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ(NMSP)တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရာတွင် ဖုန်းအဆက်အသွယ်မရရှိခဲ့သဖြင့် မေးမြန်း၍ မရခဲ့ပေ။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်နိုင်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီကော်မတီဝင် နိုင်ဝင်းလှ၊ နိုင်ဟံသာဗွမ်ခိုင်အပါအဝင် အဖွဲ့ဝင် ၅ ဦး တွေ့ဆုံခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

written by – ရွှေရိုး

Leave a Reply