မော်လမြိုင် မတ် ၃

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှု ပြတိုက်သို့ ဝင်ရောက် လေ့လာသူအရေအတွက်မှာ ပြည်တွင်းဧည့်သည်ထက် ပြည်ပ နိုင်ငံခြားသားဧည့်သည်က ဦးရေ ပိုမိုများပြားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒု ဦးစီးမှူး ဒေါ်ဇင်မာလင်းက မတ်လ ၁ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အဆိုပါပြတိုက်သို့ ပြည်ပဧည့်သည် ၇၈၁ ဦး ဝင်ရောက်ခဲ့ပြီး ပြည်တွင်းဧည့်သည်မှာ ၆၅၇ ဦး ဝင်ရောက် လေ့လာခဲ့သည်။ ယခု ၂၀၁၉ နှစ်ဆန်းပိုင်း နှစ်လတာကာလတွင် ပြည်ပမှ ၃၆၁ ဦး၊ ပြည်တွင်းမှ ၁၃၈ ဦး ဝင်ရောက်လေ့လာခဲ့ကြောင်း အထက်ပါဌာနမှ သိရသည်။

“မွန်ပြည်နယ်မှာရှိပြီးတော့ မော်လမြိုင်မှာ မွန်ပြည်နယ်ပြတိုက်ရှိမှန်းတောင် တချို့က မသိကြဘူး။ တန်ဖိုးတော့ ထားတယ်၊ အလေးအနက်ထားမှုမှာ ကွာသွားတာပေါ့”ဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်ကဲကုန်းရပ် ဗဟိုလမ်းရှိ အဆိုပါပြတိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာပါက ဝင်ကြေးအဖြစ် နိုင်ငံခြားသား တစ်ဦးလျှင် ကျပ် ငါးထောင်နှုန်း၊ ပြည်တွင်းမှ လေ့လာသူတစ်ဦးလျှင် ကျပ် ၂၀၀ နှုန်း သတ်မှတ်ထားသည်။

“ပြတိုက်က မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ဖွင့်လှစ်ထားတာတောင်မှ မြို့ခံတွေအနေနဲ့ကို ပြတိုက်မှာ ဝင်လေ့လာစူးစမ်းလိုစိတ်က နည်းပါးနေပါသေးတယ်၊ ပြတိုက်ကို လာရောက်လေ့လာသူ ပိုများလာအောင် ဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ စိတ်ဝင်စားသူ မြင့်တက်လာအောင် စည်းရုံးဆွဲဆောင်မှုမျိုး လုပ်သင့်ပါတယ်”ဟု ပန်းဘဲတန်းရပ်ကွက်နေ မြို့ခံ ကျောင်းသားမိဘ တစ်ဦးက အကြံပြုသည်။

ယမန်နှစ် တစ်နှစ်တာအတွင်း ဝင်ကြေးငွေ ရရှိမှုပမာဏမှာ ပြည်ပဧည့်သည်များထံမှ ကျပ် ၃၉၀၅၀၀၀၊ ပြည်တွင်းမှ ကျပ် ၁၃၁၄၀၀ ရှိခဲ့ကြောင်း သိရသည်။

“ဝင်ကြေးငွေ သတ်မှတ်ထားတယ်ဆိုပေမယ့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်အပြင် ကျောင်းသူကျောင်းသားတွေအနေနဲ့ကတော့ အခမဲ့ ဝင်ပြီး လေ့လာနိုင်ပါတယ်”ဟု ဒေါ်ဇင်မာလင်းက ဖြည့်စွက်ပြောသည်။ ပြည်တွင်းမှဖြစ်စေ ပြည်ပမှဖြစ်စေ လာရောက်လေ့လာသူများအပေါ် ဝန်ဆောင်မှုအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဘာသာရပ်အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးရှင်းပြခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်နှစ်အစ ကျောင်းဖွင့်ရာသီတိုင်းတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများထံ စာပေးပို့ကာ ပြတိုက်သို့ ကျောင်းသူ ကျောင်းသားများ လာရောက် လေ့လာနိုင်ကြောင်း မိမိတို့ ဌာနအနေဖြင့် ဖိတ်ခေါ် အကြောင်းကြားလျက်ရှိကြောင်း ဒေါ်ဇင်မာလင်းက ပြောသည်။

Written by လျှမ်းထက်

 

Leave a Reply