မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်မှ တူးဖော်ရရှိထားသည့် ရှေးဟောင်းပစ္စည်း ၁၇ မျိုးကို ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနား၌ ပြသခဲ့ကြောင်း နေပြည်တော် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီထံမှ သိရသည်။

“ဒီပစ္စည်းတွေက ခုနစ်ရာစုက ၁၈ ရာစုအထိ ဟံသာဝတီ၊ မုတ္တမ မွန်ဒေသတွေမှာ ရရှိထားတဲ့ ရှေးဟာင်း ပစ္စည်းတွေဖြစ်တယ်”ဟု မွန်သမိုင်းသုတေသန တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောကြားသည်။

နေပြည်တော်၌ ကျင်းပသော အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC-2) ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပြသခဲ့သည့် မွန်ရှေးဟောင်းပစ္စည်းများ၌ ရှေးဟာင်းဘုရား ရုပ်တုများ၊ မုတ္တမအိုးများ၊ ဟင်္သာအရုပ်များနှင့် ရာဇာဓိရာဇ်အရေးတော်ပုံကြမ်း စသည့်ရှေးဟောင်းပစ္စည်းများ ပါဝင်ကြောင်း ရှေးဟောင်းပစ္စည်းများပြသရေး တာဝန်ခံတစ်ဦးက ဆိုသည်။

“ဒီလိုပြသခြင်းအားဖြင့်တော့ မွန်တွေရဲ့အနုပညာလက်ရာတွေကို တွေ့ရှိနိုင်မယ်၊ နောက်ပြီးတော့ ပစ္စည်း အနေနဲ့လည်း မြင်တွေ့နိုင်မယ်”ဟု ၎င်းက ပြောသည်။

မွန်လူမျိုးတို့ ပထမဟံသာဝတီမြို့ပြနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော တပို့တွဲလပြည်ကျော် (၁) နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်၍ ကျင်းပခဲ့ကြသည်မှာ ယခုနှစ်တွင် အကြိမ် ၇၀ မြောက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

Written by – ရွှေရိုး

Leave a Reply