ယခုအပတ်မှာတော့ ဟင်္သာမီဒီယာရဲ့စာဖတ်ပရိသတ်တွေအတွက် မွန်ရှေးဟောင်းလက်ရာများ၊ ယဉ်ကျေးမှု အနုပညာများကို လေ့လာနိုင်မယ့် မွန်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ကို မိတ်ဆက်ပေးချင်ပါတယ်။

Mon Museun

မော်လမြိုင်မြို့ ဗဟိုလမ်းနဲ့ ထားဝယ်တံတားလမ်းထောင့်မှာတည်ရှိတဲ့ မွန်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ကို ၁၉၅၅ ခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်ပါတယ်။

ယခင်က မွန်ပြည်နယ်၊စာကြည့်တိုက်နှင့် ပြတိုက် အမည်ဖြင့် ဖွင့်လှစ်ခဲ့ရာမှ မွန်ယဉ်ကျေးမှုပြတိုက်သို့ အမည်ပြောင်းခဲ့ပြီး ယခုအခါမှတော့ မွန်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်အမည်နဲ့ ဖွင့်လှစ်ထားပါတယ်။

“ပြည်နယ်တစ်ပြည်နယ် လုပ်ငန်းအားလုံးကို ပေါင်းလုပ်တယ်ဆိုတော့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် အဲလိုမျိုးပြောင်းလဲလာတာရှိတယ်”ဟု မွန်ပြည်နယ်၊ရှေးဟောင်းသုတေသနဲ့ ယဉ်ကျေးမှုပြတိုက်ရဲ့ ပြတိုက်မှူး ဦးအောင်နိုင်မိုးက ရှင်းပြပါတယ်။

သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ယင်းပြတိုက်မှာ ရှေးဟောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်း ၁၀ဝ၀ ကျော်ကို ပြသထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော် နဲ့ နှစ်ထောင်ကျော် ကာလတွေက ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ အုတ်ခွက်ဘုရားတွေ၊ ကျိုက္ကသာ ဘက်ကရတဲ့ ဒင်္ဂါးပြားတွေနဲ့ သုဝဏ္ဏဘူမိမြို့ကို ထင်ဟပ်စေမယ့် ခြင်္သေ့ပုံပါတဲ့အုတ်တွေ ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မွန်လူမျိုးတို့နဲ့ သက်ဆိုင်တဲ့ စာပေအမွေအနှစ်တွေ၊ ကျောက်စာပုံစံတူတွေ နဲ့ ရှေးဟောင်းဘုရားတွေ စိတ်ဝင်စားအောင်ပြသထားပါတယ်လို့ ပြတိုက်မှူး ဦးအောင်နိုင်မိုးက ပြောဆိုပါတယ်။

ယဉ်ကျေးမှုနဲ့ပတ်သက်လို့လည်း မွန်လူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလေ့လာနိုင်အောင် သာမက လက်ရှိမွန်ပြည်နယ်အတွင်းမှာ နေထိုင်နေတဲ့ မြန်မာ၊ကရင်နဲ့ ပအိုဝ့် လူမျိုးတို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို ပါပြသထားပါတယ်။

” အဓိကကတော့ မွန်ပေါ့။ ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကိုပါပြသထားတယ်”ဟု ဦးအောင်နိုင်မိုးက ရှင်းပြပြောဆိုပါတယ်။
ပြတိုက်ရဲ့ ဘတ်ဂျက်အခြေအနေကို မူတည်ပြီတော့ နေရာပြောင်းလဲ၍ ခင်းကျင်းပြသလျက်ရှိတယ်လို့ အဆိုပါပြတိုက်ထံမှ သိရပါတယ်။

မော်လမြိုင်မြို့မှာရှိနေတဲ့ ဒီရှေးဟောင်းပြတိုက်ကြီးဟာ ပစ္စည်းတွေကို စုဆောင်းပြသထားတာဖြစ်တဲ့အတွက် ဒေသခံတွေက ပစ္စည်းများကို တွေ့ရှိ၍ လာရောက်လှူဒါန်းလိုပါကလည်း လက်ခံပေးလျက်ရှိပါတယ်။

ပြတိုက်မှူး ဦးအောင်နိုင်မိုးက “ပြတိုက်ကို လာရောက်လှူခြင်းအားဖြင့် ယဉ်ကျေးမှုအမွေနှစ်ကို အားလုံး ဝိုင်းဝန်းထိန်းသိမ်းရာရောက်တယ်။

ယဉ်ကျေးမှုအမွေနှစ်ကို တိုင်းတစ်ပါးသားတွေ လာရောက်ကြည့်ရှုတဲ့အခါ မွန်ပြည်နယ်သူ/သားတွေအတွက် ဂုဏ်ယူစရာတွေ ဖြစ်လာမယ်”လို့လည်း ပြောဆိုထားပါတယ်။

“ဒါပေမယ့် ပြတိုက်မှာ ပြသသင့်တဲ့ပစ္စည်းနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို မပျက်ပြားစေဘဲ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းထားသင့်တဲ့ ရှေးဟောင်းပစ္စည်းတွေကို သာလက်ခံပေးမယ်”လို့ ၎င်းက ဖြည့်စွက်ပြောဆိုပါတယ်။

လက်ရှိအနေအထားမှာတော့ ပြတိုက်ကို ရာသီဥတုအခြေအနေပေါ်မူတည်၍ လာရောက်လေ့လာ နေကြပြီး ပွင့်လင်းရာသီရောက်ရှိရင်တော့ ပြည်ပဧည့်သည်တွေအများ အပြားလာရောက်ကြပါတယ်။

“ပြည်တွင်းဧည့်သည်က အဖွဲ့အစည်းတွေ ကျောင်းသူကျောင်းသားတွေ။သူတို့ကို အခမဲ့ပေးဝင်တော့ သက် သက်လာကြည့်တာက နည်းတယ်။ တစ်လကို ပျမ်းမျှ ၇၀ ကျော်ကျော်လောက်ပဲရှိတယ်။ နိုင်ငံခြားသားက ပိုများတယ်။ နိုင်ငံခြားသားဧည့်သည်တွေက တစ်လ ၁၀ဝ ကျော်လာရောက် လေ့လာတယ်”လို့ တာဝန်ရှိသူ တွေက ဆိုကြပါတယ်။

ပြည်တွင်း ဧည့်သည်များမှာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၁၀ဝ၀ ကျော်လာရောက်ကြပြီး နိုင်ငံခြားသား ဧည့်သည်များမှာမူ တစ်နှစ်လျှင် ၁၅၀ဝ ကျော်လာရောက်လေ့လာကြပါတယ်လို့ ပြတိုက်မှူးထံမှ သိရပါတယ်။

ပြတိုက်ကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ်ပြီး တနင်္လာနေ့တစ်ရက်သာပိတ်ကာ ဝင်ကြေးကိုတော့ နိုင်ငံခြားသား တစ်ဦးလျှင် မြန်မာငွေ ၂၀ဝ၀ ကျပ်သတ်မှတ်ထားပါတယ်။

နိုင်ငံသားတွေအတွက်ကတော့ လူကြီးတစ်ဦးလျှင် နှစ်ရာ ကျပ်နဲ့ ကလေးတစ်ဦးလျှင် တစ်ရာကျပ် သတ်မှတ်ထားပေမယ့် အခြေခံပညာကျောင်းသူ၊ကျောင်းသားများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ညွှန်ကြားချက်ပေးထားသူတွေဆိုပါက အခမဲ့ဝင်ရောက်လေ့လာနိုင်မှာပါ။

ဒါကြောင့်မို့ မွန်လူမျိုးတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေကို လက်လှမ်းမီသလောက် လေ့လာချင်တယ်၊ကလေးငယ်တွေကို ပြသချင်တယ်ဆိုရင်တော့ သွားရောက်သင့်တဲ့နေရာတစ်ခုပါလို့ ဟင်္သာမီဒီယာက လမ်းညွှန်ပေးလိုက်ပါတယ်။

Leave a Reply