Photo Credit - MYF Facebook

မော်လမြိုင် စက်တင်ဘာ ၂၃

မွန်ပြည်နယ်ရှိ လူငယ်များအနေဖြင့် မွန်ညီညွတ်ရေးပါတီကို မဲပေးကြရန် မွန်လူငယ်ဆုံရပ်အဖွဲ့ (MYF) က စက်တင်ဘာ၂၂ တွင် နှိုးဆော်စာတစ်စောင် ထုတ်ပြန်လျက် တိုက်တွန်းလိုက်သည်။

“အဓိက ကျွန်တော်တို့လူမျိုး အကျိုးအတွက် သယ်ပိုး အကျိုးပြုပေးနိုင်ဖို့ ကိုယ်စားလှယ်လောင်း၊ လွှတ်တော်ထဲမှာ ကိုယ့်လူမျိုး ကိုယ်စားပြုတဲ့ ပါတီ၊ လူမျိုး ပေါ်ထွန်းလာဖို့ ရည်ရွယ်ပြီး စာထုတ်ပြန်တာပါ”ဟု MYF အတွင်းရေးမှူး ကိုဇာနည်ဦးက ပြောသည်။

ယခုလိုလုပ်ဆောင်ရခြင်းမှာ မွန်ညီညွတ်ရေးပါတီ အနိုင်ရရေး ဝန်းရံခြင်း ဖြစ်ကြောင်း ကိုဇာနည်ဦးက ဖြည့်စွက်ပြောသည်။

“အဓိက တိုင်းရင်းသားအရေးဆိုရင် တိုင်းရင်းသားကိုယ်စားပြုတဲ့ အပေါ်မှာ မူတည်တယ်ပေါ့။ အဲလိုပဲ မြင်တယ်။ ကိုယ်စားပြုသူတွေ ပေါ်ထွန်းနိုင်မှ တောင်းဆိုမှုတွေ ထိရောက်မယ်လို့ ယုံကြည်တယ်”ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် ယခုအာဏာရအစိုးရ သက်တမ်း ငါးနှစ် အုပ်ချုပ်မှုအတွင်း မွန်တို့ဒေသ သာယာဝပြောရေး အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့တွင်  အားနည်းချက်များ တွေ့မြင်နေရကြောင်း ဖော်ပြသည်။ ထို့ပြင် မွန်ပြည်သူလူထုနှင့် တိုင်းရင်းသားတို့၏ ဆန္ဒကို အလေးအနက် မပြုမှုရှိကြောင်း သုံးသပ်ပြဆိုပြီး ဘီလူးကျွန်းတံတား ချောင်းဆုံက သက်သေပြလိုက်ကြောင်း MYF ထုတ်ပြန်ချက်တွင် ညွှန်းဆိုထားသည်။

မွန်ကိိုယ်စားပြုအမတ်များ လွှတ်တော်တွင် နည်းပါးခြင်းကြောင့် အာဏာရှိသူကို ဆန့်ကျင်ရန် တစ်ဆို့ခဲ့ရချက်ဟု သုံးသပ်ဖော်ပြထားသည်။  မွန်တို့ ကံကြမ္မာ မွန်တို့ ဖန်တီးနိုင်ရေးကို မွန်လူငယ်များ အလေးထား ဆောင်ရွက်စေလိုကြောင်း နှိုးဆော်စာတွင် ပါရှိသည်။

မွန်ညီညွတ်ရေးပါတီမှ ဗမာတိုင်းရင်းသားရေးရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်စိုးက အဆိုပါ နှိုးဆော်စာကို အားပေးထောက်ခံကြောင်း မှတ်ချက်ပြုသည်။

“မွန်လူမျိုးစု၊ ဗမာလူမျိုးစု စသဖြင့်ပေါ့၊ ပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေအားလုံးက တက်ညီလက်ညီ ကြိုစားမယ်ဆိုရင် အရာရာ အဆင်ပြေသွားနိုင်မယ်။ မွန်လူငယ်ဆုံရပ်အဖွဲ့ရဲ့ နှိုးဆော်စာကိုလည်း အားပေးပါတယ်။ ပုဂ္ဂိုလ်တစ်ဦးအမြင်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အားပေးထောက်ခံရမှာပါ” ဟု ဦးအောင်စိုးကပြောသည်။

မွန်လူငယ်ဆုံရပ်အဖွဲ့(MYF)သည် မွန်ပြည်နယ်သာမက ကရင်ပြည်နယ်၊ တနသာ်ရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်ပရှိ မွန်လူငယ်များဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

စောဇင်မောင်

Leave a Reply