Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်နှင့် ကရင်ပြည်နယ်ရှိ မွန်လူငယ် ၇၃ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိနေကြောင်း တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) ဒုတိယ ဥက္ကဋ္ဌ မိမရောစွမ်းက ပြောကြားသည်။

ဇွန် ၂၆ ရက်က မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ ကျင်းပသော နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့က ကောက်ယူသည့် စစ်တမ်းတွင် မွန်လူငယ်များ အပြင် ပရိယတ္တိစာပေ လေ့လာသင်ယူနေသော ရဟန်းသံဃာ၊ ကိုရင်ငယ်လေးများပါ မူးယစ်ဆေးဝါး သုံးစွဲမှုများကို တွေ့ရှိခဲ့သည်။

“စစ်တမ်းကောက်တဲ့အခါ ထူးခြားတာက ရဟန်းသံဃာငယ်တွေလည်း မူးယစ်ဆေးသုံးစွဲတာရှိတယ် အဲ့ဒါက အထိတ်တလန့်ဖြစ်စေခဲ့တယ်” ဟု မိမရောစွမ်းက ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ယူသည့် သုတေသန စစ်တမ်းအရ မွန်လူငယ် ၇၃ ရာခိုင်နှုန်းအထိ မူးယစ်ဆေးဝါး သုံးစွဲနေပြီး၊ နှစ် ရာခိုင်နှုန်းမှာ ရဟန်းသံဃာများ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲမှုတွင် ရေးမြို့နယ်ခွဲဖြစ်သော ခေါဇာမြို့တွင် အများဆုံး တွေ့ရှိခဲ့ပြီး၊ မော်လမြိုင် စာသင်တိုက် တချို့မှာလည်း ရဟန်းသံဃာများ သုံးစွဲမှု ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

MYPO အဖွဲ့က အဆိုပါ စစ်တမ်းကို မွန်ဒေသမှာရှိသည့် မူးယစ်ဆေးသုံးစွဲမှု အခြေအနေပေါ်မူတည်ပြီး အမေးအဖြေစာစောင်များဖြင့် ကောက်ယူခြင်း၊ ပညာပေးဟောပြောပွဲ စကားဝိုင်းမှ ကောက်ယူခြင်း၊ အဖွဲ့စည်းအသီးသီးမှ အထွေထွေအခန်းကဏ္ဍကနေ မေးမြန်းခြင်းတို့ လုပ်ဆောင်၍ ရယူခဲ့ခြင်း ဖြစ်သည်။

Written by ဂေထော

Advertisements
<

Leave a Reply