(၂၀) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနား

ရေး၊ မေ ၂၈

မွန်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် စက်မှုလက်မှုကဏ္ဍများ တိုးတက်ခဲ့သည့် ဖြစ်စဉ်များသည် ပုံပြင်တစ်ခုလိုသာ ရှိတော့ကြောင်း (၂၀) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားတွင် ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဘဒ္ဒန္တကေတုမာက မိန့်ကြားသည်။

“မွန်လူမျိုးတို့ရဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ပညာရေးစတဲ့ စက်မှုလက်မှုတိုးတက်ခဲ့တာတွေက ပုံပြင်တစ်ခုလိုပဲ ရှိတော့တယ်။ ဒါတွေက အင်္ဂလိပ်ဘာသာလိုရေးသားထားတာရှိတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မိမိလူမျိုးတို့၏ အမျိုးသားရေးလက္ခဏာများကို ဖော်ထုတ်နိုင်စေရန်နှင့် မွန်လူမျိုးတို့ တိုးတက်လာစေနိုင်ရန်အတွက် မွန်လူမျိုးတို့သည် ပညာရေးကို ဦးစားပေးပြီး လေ့လာသင်ယူကြရန် ဆရာတော် ဘဒ္ဒန္တကေတုမာလာက ဆက်လက်မိန့်ကြားသည်။

မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု စာမေးပွဲဝင်ရောက်ဖြေဆိုမှုမှာ ယခင်နှစ်ထက် ပိုမိုများပြား လာသည်ကို တွေ့ရှိရပြီး စာပေနှင့် ယဉ်ကျေးမှုကို တိုးတက်လာစေရန်အတွက် ဆက်လက်သင် ယူလေ့လာကြရန် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဘဒ္ဒန္တသြဘာသက မိန့်ကြားသည်။

“ကိုယ့်လူမျိုးရဲ့ ဘာသာစကားကြားမှာ တစ်ခြားလူမျိုးဘာသာစကားတွေ ဝင်ရောက်နေရာယူတယ်။ အဲဒီတော့ တစ်ဖြည်းဖြည်းနဲ့ ဘာသာစကားက ပျောက်လာတယ်၊ ဒါကို သတိထားရမယ်”ဟု ဆရာတော်က မိန့်ကြားသည်။

မွန်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို မပျောက်ကွယ်စေရန် ကျောင်းသူ ကျောင်းသား များအပြင် ကျောင်းသူ ကျောင်းသားများ၏ မိဘများနှင့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများ အားလုံးတို့မှာ တာဝန်ရှိကြောင်း ဆရာတော် ဘဒ္ဒန္တသြဘာသက ဆက်လက်မိန့်ကြားသည်။

(၂၁) ကြိမ်မြောက်မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားကို မည်သည့်မြို့နယ် တွင် ကျင်းပသွားမည်ကို မသိရှိသေးသော်လည်း (၂၂) ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကို ဘီးလူကျွန်း တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို (၁၀) နှစ်နီးပါး ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း တစ်ခုရှိကြောင်း ယင်းအဖွဲ့အစည်းမှာ နှစ်စဉ်နှစ်တိုင်း ဆုပေးပွဲအခမ်းအနားကို ထောက်ပံ့ပေးနေကာ လာမည့်နှစ်တွင် မွန်စာပေ စာမေးပွဲအောင်သူများကို ရွှေတံဆိပ်ဆုပေးရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုတွင် စာမေးပွဲဖြေဆိုရန် စာရင်းတင်သွင်းထားသူ ၁၃၄၂ ဦးရှိပြီး ဝင်ရောက်ဖြေဆိုနိုင်သူမှာ ၁၂၈၃ ဦးရှိကာ အောင်မြင်စွာဖြေဆိုနိုင်သူ ၁၁၇၀ ဦးရှိကြောင်း သိရသည်။

(၂၀) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ဆုပေးပွဲအခမ်းအနားကို မေလ ၂၈ ရက်က ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ ရာမညနိကာယကျောင်းကြီးတွင် ကျင်းပခဲ့သည်။

အောင်မြတ်

Leave a Reply