မွန်အလံတော် ရွှေဟင်္သာ၏ အတောင်ပံအောက်တွင် မွန်တိုင်းရင်းသားများ အားလုံးသွေးစည်းညီညွတ်ကာ မွန်အမျိုးသားအကျိုးနှင့် ပြည်ထောင်စုအကျိုးကို ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားလိုက်သည်။

Min Min Oo

သြဂုတ်လ၁၄ ရက်နေ့က မော်လမြိုင် သံလွင်တံတားထိပ်တွင် ကျင်းပသည့် ရွှေဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်း ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် မွန်တိုင်းရင်းသားလူမျိုးများ အားလုံးသွေးစည်းညီညွတ်၍ မွန်အမျိုးသားအကျိုးနှင့် ပြည်ထောင်စုအကျိုးကို ဆောင်ရွက်ကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားအကျိုး ပြည်ထောင်စုအကျိုးအတွက် မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာဖြင့် စုပေါင်းပါဝင်ဆောင်ရွက်၍ မွန်ပြည်နယ်အကျိုးနှင့် ပြည်ထောင်စုအကျိုးကို ပြည်နယ်အစိုးရနှင့် ပူးပေါင်း ပါဝင်လက်တွဲကြရန်လည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်ထောင်စုသည် တိုင်းရင်းသား ပြည်သူများပိုင်ဆိုင်သည့် နိုင်ငံတော်ဖြစ်ပြီး တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခဲ့သည့်အတွက် တိုင်းရင်းသားတို့၏ သမိုင်းအထိမ်းအမှတ်ကို လေးစားတန်ဖိုးထား၍ အသိအမှတ်ပြုရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဆိုသည်။

“မွန်တိုင်းရင်းသားလူမျိုးများ အမြတ်တႏုိး အလေးအနက်ထားကြတဲ့ အမှတ်အသားက ဟင်္သာဖြစ်တယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေ တည်ဆောက်ရမည့်အချိန်ဖြစ်ပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မဖြစ်မနေ တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ကူညီရမည့် အချိန်ကောင်းလည်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

မွန်ပြည်နယ် ရွှေဟင်္သာရုပ်တုဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှနှင့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ မွန်သံဃာတော်များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ မြို့နယ်အသီးသီးမှ မွန်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

Leave a Reply