မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲစ၊ ရလဒ်များကို ပင်လုံညီလာခံသို့တင်ရန် စီစဉ်မည်

မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့အားကစားရုံတွင် မေ ၅ရက်နံနက်ပိုင်းက ပြုလုပ်သည့် မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအခမ်းအနား၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဌ ဒါက်တာတင်မျိုးဝင်းမိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - ဂေထော

မော်လမြိုင်၊ မေ ၅

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် တိုင်းရင်းသားများ၏ မတူညီသော သဘောထားအမြင်များကို စုစည်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)သို့ အဆိုပြုလွှာတင်သွင်းသွားမည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

“မတူညီတဲ့ အမြင်တွေ၊ သဘောထားတွေကို အဆိုပြုလွှာအဖြစ် စုစည်းပြီး UPDJC ကိုတင်ပြမယ်၊ ပြီးရင် ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ အတည်ပြုချက်ရယူမယ်”ဟု မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့အားကစားရုံ တွင် မေ ၅ရက်ကပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲများကို တည်ဆောက်သွားရမှာဖြစ်ပြီး တိုင်းရင်းသားများ၏ လိုအပ်ချက် သဘောဆန္ဒအမြင်များကို စုစည်းနိုင်ရန် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းကိုလည်း ဒေါက်တာတင်မျိုးဝင်းကရှင်းပြသည်။။

အဆိုပါအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောသူတစ်ဦးဖြစ်သည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း မွန်လူမျိုးများ၏ သက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် သဘောထားအမြင်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ တင်ပြနိုင်ရန်အတွက် စုပေါင်းအင်အားနှင့် ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“ပြည်နယ်နဲ့ လူမျိုးတွေရဲ့ လူမှု၊စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံကနေ ကူညီပေးကြပါ” ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကမူ ယခုဆွေးနွေးပွဲတွက် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ ဦးဆောင်ကာ အချက်အလက်များ စုစည်းပြီး ဖက်ဒရယ်နိုင်ငံ ဖော်ဆောင်နိုင်ရေးအားထုတ်ရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။

“ဒီဆွေးနွေးပွဲက နည်းဥပဒေတစ်ခုတည်းကို အခြေခံပြီး မွန်လူမျိုးတွေရဲ့ကိုယ်စားပြုအသံတွေကို ၂၁ ရာစုပင်လုံ ငြိမ်ချမ်းရေးညီလာခံမှာ ဆွေးနွေးသွားမှာဖြစ်တယ် မွန်လူမျိုးတွေရဲ့လိုအပ်ချက်အားလုံးက မွန်ပြည်သူတွေရဲ့ရင်ထဲမှာအကုန်ရှိကြပါတယ်”ဟု ၎င်းက ပြောသည်။

ယခုဆွေးနွေးပွဲသည် တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)တွင် ဖေဖော်ဝါရီ ၁၃ရက်က မွန်ပြည်သစ်ပါတီပါဝင်လက်မှတ်ရေးထိုးပြီးနောက် နှစ်လကျော်အကြာတွင် တရားဝင်ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားစုစည်းမှု အဖြစ် မွန်ပြည်နယ်အတွင်း ပထမအကြိမ်ကျင်းပခြင်းလည်းဖြစ်သည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလ ၅ရက်မှ ၇ရက်ထိ ရေးမြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးကဏ္ဍ၊ စီပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ နှင့် မြေယာနှင့် သဘာဝသံယံဇာတကဏ္ဍ စသည့်တို့ကို ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့ပြုလုပ်သည့်ဖွင့်ပွဲသို့ လူဦးရေ ၅၀၀ ကျော်တက်ရောက်သည်ဟု ပွဲကျင်းပရေးကော်မတီထံမှသိရသည်။

အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိရာပြည်နယ်နှင့် တိုင်းအချို့တွင် ဒေသအလိုက် ၃ကြိမ်၊ လူမျိုးအလိုက် ၃ကြိမ်၊ အကြောင်းအရာအလိုက် ၁ကြိမ် နှင့် အရပ်ဖက်အဖွဲ့အစည်းအဆင့် ၁ကြိမ် စုစုပေါင်း ၈ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထိုက်ထိုက်၊ ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်